မန္တလေး(မဇ္ဈိမ) ။ ။ မန္တလေးတိုင်းဒေသကြီးအတွင်း ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူမှာ သြဂုတ်လ ၂ ရက်ထိ ၃၁ ဦးသာ ရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးကျော်ကျော်စိုးက မဇ္ဈိမကို ပြောသည်။
ဆက်လက်၍ ဦးကျော်ကျော်စိုး က "ခုထိတော့ ပါတီတွေမစုံသေးဘူး။ ပါတီ ၆ ခုကပဲ လာပြီးတင်သေးတယ်။ နောက်ကျမှ စုပြုံပြီး တင်လာမယ်ထင်တယ်။ နောက်ပြီး တသီးပုဂ္ဂလယှဉ်ပြိုင်မယ့်သူလည်း မရှိသေးဘူး"ဟုပြောသည်။
ကိုယ်စားလောင်းအမည်စာရင်း တင်သွင်းသူ ၃၁ ယောက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မှ ၆ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ၁၂ ဦး၊ ပြည်သူ့ဒီမိုကရေစီပါတီမှ ၃ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ၈ ဦး၊ အမျိုးသားတိုးတက်ရေးပါတီမှ ၁ ဦး နှင့် ညီညွှတ်သောဒီမိုကရေစီပါတီ မှ ၁ ဦး တို့ဖြစ်သည်။
ကိုယ်စားလှယ်လောင်းတင်သွင်းမှုများကို ဇူလိုင်လ ၂၀ ရက်နေ့က စတင်လက်ခံပေးခဲ့ပြီး သြဂုတ်လ ၈ ရက်အထိ လက်ခံသွားမည်ဖြစ်သည်။
ပြည်ထောင်စုကော်မရှင်မှ ဆောင်ရွက်သည့် ကိုယ်စားလှယ်လောင်း စိစစ်လက်ခံမှုအား ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးကွန်ယက်(EON) အနေဖြင့် စောင့်ကြည်မှုများလုပ့်သွားမည်ဟုလည်း EON အဖွဲ့ ဦးဆောင်သူ ဦးညီညီကျော် က ဆိုသည်။
"ကျွန်တော်တို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့ကတော့ ကိုယ်စားလှယ်လောင်းတင်သွင်းတဲ့ ပါတီဆိုင်ရာ လုပ်ဆောင်ချက်တွေကိုတော့ လေ့လာစောင့်ကြည့်ဖို့ လည်းမလိုဘူး ။ ဆိုင်လည်းမဆိုင်ဘူး။ ဒါပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လုပ်တဲ့ ကိုယ်စားလှယ်လောင်း စီစစ်လက်ခံမှုမှာတော့ လက်ခံတဲ့ အပိုင်း ပယ်ချတဲ့အပိုင်း ကို သေချာစောင့်ကြည့်သွားမယ်။ ပြစ်ချက်မရှိပဲပယ်ချခံရရင်တော့ အချက်အလက်တွေတောင်းမယ် ဘာ့ကြောင့်ပယ်ချရတယ်ဆိုတာကို မေးမယ်။" ဟု ဦးညီညီကျော် က ပြောသည်။
မန္တလေးတိုင်းဒေသကြီး NLD အဖွဲ့ချုပ်မှလည်း သတ်မှတ်ရက်မတိုင်ခင် ကိုယ်စားလှယ်လောင်းစာရင်များကို တင်သွားမည်ဟု မန္တလေးတိုင်း NLD အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး ကဆိုသည်။