မေ ၂၆၊ မန်ချက်စတာ။ ။ ယူရိုပါလိဂ်အကောင်းဆုံးကစားသမားစာရင်းတွင် ချန်ပီယံမန်ချက်စတာယူနိုက်တက်အသင်းမှ ကစားသမား ရှစ်ဦးအထိ ပါဝင်နေသည်။
ဗုဒ္ဓဟူးနေ့က စတော့ဟုမ်းရှိ ဖရန့်စ်အရီနာတွင်ကစားခဲ့သော ဗိုလ်လုပွဲတွင် ယူနိုက်တက်သည် ပေါ့ဂ်ဘာ၊ မစ်ခီတာယန်တို့၏ ဂိုးများဖြင့် အိုင်းယက်စ်ကို ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။
ယင်းနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ကလပ်မှာ လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရသွားခဲ့ပြီး နည်းပြမော်ရင်ဟိုအနေဖြင့်လည်း အိုးထရက်ဖို့ဒ်နှင့်ပထမရာသီတွင် ဖလားနှစ်လုံးရခဲ့သည်။
ဗိုလ်လုပွဲပြီးနောက် မန်ယူနည်းပြဟောင်းဖာဂူဆန်ပါဝင်သည့် ယူအီးအက်ဖ်အေနည်းစနစ်အဖွဲ့က ပြိုင်ပွဲတစ်လျှောက်ခြေစွမ်းပြခဲ့ သည့် ကစားသမား ၁၈ ဦးကိုရွေးချယ်ခဲ့ရာ ယူနိုက်တက်ကစားသမား တစ်ဝက်ခန့်ပါဝင်လာခဲ့သည်။
တစ်နှစ်တာအကောင်းဆုံး ယူရိုပါလိဂ်ကစားသမားစာရင်း
ဂိုး- အယ်လ်ဗာရက်ဇ် (ဆယ်လ်တာဗီဂို)၊ ရိုမီရို (မန်ယူ)
နောက်- ဘိုင်ယီ၊ ဘလိုင်း၊ ဗလင်စီယာ (မန်ယူ)၊ ကာဘရယ် (ဆယ်လ်တာဗီဂို)၊ မိုရယ် (လိုင်ယွန်)၊ ဒီလစ် (အိုင်းယက်စ်)
လယ်- ဟာနန်ဒက်ဇ် (ဆယ်လ်တာဗီဂို)၊ ဟာရဲရား၊ ပေါ့ဂ်ဘာ၊ မစ်ခီတာယန် (မန်ယူ)၊ တီရယ်လီမန် (အန်ဒါလက်ချ်)၊ တိုလစ်ဆို (လိုင်ယွန်)၊ ယွန်နက်စ် (အိုင်းယက်စ်)
ရှေ့- အီဘရာဟီမိုဗစ် (မန်ယူ)၊ လာကာဇက်တီ (လိုင်ယွန်)၊ ထရာအိုရီ (အိုင်းယက်စ်)
Ref; Mirror