အမျိုးသားရင်ကြားစေ့ရေးအတွက် မြန်မာအစိုးရ ကြိုးပမ်းမှု အောင်မြင်ရန် တရုတ် ကူညီမည်

အမျိုးသားရင်ကြားစေ့ရေးအတွက် မြန်မာအစိုးရ ကြိုးပမ်းမှု အောင်မြင်ရန် တရုတ် ကူညီမည်

မေလ၂၅ ။              ။ ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးကို မေလ ၂၄ ရက်က နေပြည်တော်မှာ စတင် ဖွင့်လှစ်ကျင်းပလျက်ရှိပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတို့အတွက်   မြန်မာအစိုးရရဲ့ လက်ရှိ ကြိုးပမ်းအားထုတ်မှုတွေအားလုံး အထမြောက်နိုင်ဖို့ အားပေး ကူညီပေးသွားမယ်လို့ တရုတ်တို့ဘက်က ထုတ်ဖော်သွားခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပါဝင်သူအားလုံးအနေနဲ့လည်း နိုင်ငံငြိမ်းချမ်းနိုင်ဖို့အတွက် အပြန်အလှန် တိုင်ပင်ဆွေးနွေးမှုတွေကနေတဆင့် အဖြေရှာ သွားနိုင်ကြမယ်လို့   ပေကျင်းအစိုးရဘက်က   မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Lu Kang က ပြောသွားပါတယ်။

၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ ဒုတိယမြောက် အစည်းအဝေးမှာတော့ အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတို့က ကိုယ်စားလှယ်ပေါင်း ၁,၄၀၀ လောက်ကို ဖိတ်ခေါ်နိုင်ခဲ့ပါတယ်။

အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာနမှ အထူးသံတမန် Sun Guoxiang ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်း အဆိုပါ ငါးရက်ကြာ အစည်းအဝေးကို တက်ရောက်နေလျက် ရှိပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့တိုးလုပ်ဆောင်နိုင်မှုနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ပိုမိုချောမွေ့ အဆင်ပြေစေမှု တို့အပိုင်းတွေမှာ ကြီးကျယ်ခမ်းနားတဲ့ အဓိပ္ပါယ်ရည်ရွယ်ချက်တွေ ရှိထားခဲ့ကြောင်း ညီလာခံ စတင်ဖွင့်လှစ်ကျင်းပနိုင်ခဲ့ခြင်းနဲ့ပတ်သက်လို့ တရုတ်ရဲ့ချီးကျူး ဂုဏ်ပြုစကားအဖြစ် Lu က ပြောကြားသွားပါတယ်။

အလားတူ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အဆင်ပြေချောမွေ့ပြေလည်စေရေးအတွက် တရုတ် တို့ဘက်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ကူညီသွားမှာဖြစ်ကြောင်းနဲ့ ထိုသို့ လုပ်ဆောင်ခြင်းဟာ မြန်မာအစိုးရနဲ့ သက်ဆိုင်ရာ ပါဝင်သူတွေရဲ့ သဘောဆန္ဒအတိုင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required