ဝါရှင်တန်ဒီစီ၊ မေ ၁၆ ။ ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှနိုင်ငံခြားရေးနှင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း တွေ့ဆုံစဉ် စီစဉ်ထားသော အိုင်အက်စ်စစ်ဆင်ရေးနှင့် ပတ်သက်ပြီး အထူးသတင်းများ ဖော်သည်ချခဲ့ကြောင်း ယင်းကိစ္စရပ်နှင့် နီးစပ်သည့် အမေရိကန်အရာရှိနှစ်ဦးက မေ ၁၅ ရက်တွင် ပြောသည်။
ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်နှင့် ရုရှသံအမတ်ကြီး ဆာဂျီကီစလိုက်တို့နှင့် တွေ့ဆုံစဉ် ဒေါ်နယ်ထရမ့်က ထောက်လှမ်းရေးသတင်းများ ဖလှယ်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့နှစ်ဦးက ဆိုသည်။
ဝါရှင်တန်ပို့စ်က အဆိုပါသတင်းကို အရင်ဆုံးဖော်ပြခဲ့ခြင်းဖြစ်ပြီး အိမ်ဖြူတော်က စွပ်စွဲချက်သာဖြစ်၍ မှန်ကန်မှု မရှိသော သတင်းဖြစ်ကြောင်း ပြောသည်။
“ဒီသတင်းက အမှားကြီးပါ။”ဟု ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေး မတ်မာစတာက အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောသည်။
“ထောက်လှမ်းရေး ရင်းမြစ်တွေ၊ နည်းစနစ်တွေအကြောင်း အဲဒီတွေ့ဆုံမှုမှာ မဆွေးနွေးခဲ့ဘူး။ ပြည်သူထံ ချပြရသေးခြင်း မရှိတဲ့ စစ်ဆင်ရေးတွေအကြောင်းလည်း သမ္မတက ပြောဆိုခဲ့တာ မရှိဘူး။ အဲဒီဆွေးနွေးပွဲ အခန်းမှာ ကျွန်တော်လည်း ရှိနေတာဖြစ်တယ်။ ဒါမျိုးမဖြစ်ပွားခဲ့ဘူး။”ဟု ၎င်းက ပြောခဲ့သည်။
အိမ်ဖြူတော်မှလည်း နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တေလာဆန်မှတစ်ဆင့် ထုတ်ပြန်ချက်တွင် အဆိုပါ ဆွေးနွေးပွဲတွင် တန်ပြန်အကြမ်းဖက်ကိစ္စရပ်အပေါ် ပစ်မှတ်ထား ဆွေးနွေးခဲ့ခြင်းသာဖြစ်ကြောင်း ဖော်ပြပြီး လက်ထောက်အမျိုးသားလုံခြုံရေးအကြံပေးကလည်း ဝါရှင်တန်ပို့စ်၏ သတင်းသည် သတင်းမှားသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။