ဆိတ်ဖြူ ၊မေ ၁၅ ။ ။ ပခုက္ကူခရိုင်၊ ဆိတ်ဖြူမြို့နယ်ပြည်သူ့ဆေးရုံတွင် မေလ ၁၄ ရက်နေ့က အရက်စွဲဝေဒနာဖြင့် လာရောက်ဆေးကုသခံ စိတ်ရောဂါသည်တစ်ဦး စိတ်ဖောက်ပြန်ကာ အနီးကုတင်မှ လူနာတစ်ဦးအား တုတ်ဖြင့်ရိုက်သဖြင့် လူနာတစ်ဦးသေဆုံးသွားကြောင်း ဆိတ်ဖြူမြို့မ ရဲစခန်းမှ သိရသည်။
"၂ယောက်စလုံး ဆေးရုံတက်ကြတာ၊တဖက်က အရက်ကြောင်တဲ့လူက သေသွားတဲ့ လူနာအဖိုးကြီးနဲ့ ဆေးရုံစောင့့်လာတဲ့ မိသားစုကို ဝင်ရိုက်တာ၊ အရိုက်ခံရတဲ့ လူနာအဖိုးကြီးက မကွေးဆေးရုံကို ပို့ဆောင်နေတုန်း လမ်းကြောင်းမှာ သေသွားတယ်" ဟု ဆိတ်ဖြူမြို့မရဲစခန်း တာဝန်ကျရဲအရာရှိ ရဲအုပ်ဝင်းမြင့်အောင်က မဇ္ဈိမသို့ ပြောသည်။
ဖြစ်စဉ်မှာ မေလ ၁၄ရက်နေ့ နံနက် ၃နာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးထားကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ အား (ပ)၁၀၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂အရ ဆိတ်ဖြူမြို့မရဲစခန်း မှ အမှုဖွင့်ထားကြောင်း သိရသည်။