ရန်ကုန်၊မေ၁၃ ။ ။ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများအကြား ချိတ်ဆက်လုပ်ဆောင်မှု ပိုမိုကောင်းမွန်လာရန် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ယနေ့ မေလ ၁၃ ရက်နေ့၌ ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်တွင် ကျင်းပခဲ့သည်။
ကလေးသူငယ် အမျိုးသမီး မြေယာသိမ်းမှု စသော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှု ရုပ်သံမှတ်တမ်းများကိုလည်း ယခုပွဲတွင် ပြသခဲ့ပြီး ဆွေးနွေးခဲ့သော ရလဒ်ကို ကျေနပ်မှုရှိကြောင်း ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ မှ ဒေါ်ပန်စီထွန်းသိန်းက ပြောသည်။
"ဒီလူ့အခွင့်အရေးဆိုတာ ဘယ်လောက်အရေးကြီးလဲဆိုတာ သိသွားကြတာဖြစ်တယ် ။ တက်ရောက်တဲ့သူတွေကလည်း အရမ်းကို တက်တက်ကြွကြွဆွေးနွေးကြတယ် ။ သူတို့မှာလည်း လူ့အခွင့်အရေးဆိုတာ မသိခဲ့ဘူး ။ ချိုးဖောက်ခံရမှန်းလည်း မသိခဲ့ဘူး။ ဒါပေမယ့် တကယ်တကယ် လူ့အခွင့်အရေးဆိုတာ သိတဲ့အခါ ချိုးဖောက်ခံရတာတွေ သိလာတယ် ။သူတို့ကိုယ်တိုင် ဒီကိစ္စတွေကို သိတဲ့အခါ ပူးပေါင်းလုပ်ဆောင်ရမှာတွေ သိလာတယ် ။ အဲ့တော့ ကျွန်မတို့စီမံချက်ထဲမှာ ကွန်ရက်တွေအပြင်မှာ အာဏာပိုင်တွေပါ နောက်ပိုင်းမှာ ချိတ်ဆက်လုပ်ဖို့ကောင်းမယ်လို့ ထင်ပါတယ်"ဟု ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ မှ ဒေါ်ပန်စီထွန်းသိန်းက ဆိုသည်။
လူ့အခွင့်အရေးကာကွယ်ရေးနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တက်ရောက်ဆွေးနွေးခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်လာကြသူများနှင့်လည်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါပွဲကို DCA NCA မြန်မာ၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့နှင့် ညီမျှခြင်းမြန်မာတို့က ဥရောပသမဂ္ဂ၏ ငွေကြေး အထောက်အပံ့ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။