မေ ၁၃ ။ ။ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အမေရိကန် ဗဟိုထောက်လှမ်းရေးဗျူရို ဒါရိုက်တာ ဂျိမ်းစ် ကိုမီ အနေနဲ့ မိမိနဲ့ အကြား သီးသန့်တွေ့ဆုံဆွေးနွေးစကားတွေကို မီဒီယာထံ ပြန်ပြီး ဖောက်သည်ချတာမျိုး မလုပ်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးသွားခဲ့တယ်လို့ သိရပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာကနေတဆင့် ပြောဆိုထားရာမှာတော့ ၎င်းထုတ်ပယ်ပစ်လိုက်တဲ့ FBI အကြီးအကဲဟောင်းအနေနဲ့ သူနဲ့ နှစ်ကိုယ်ကြား ပြောစကားတွေကို မီဒီယာဆီ ပေါက်ကြားစေခဲ့မယ်ဆိုရင် ပြန်လည်ပေးဆပ်ရနိုင်တယ်ဆိုတဲ့ ပုံစံနဲ့ ခြိမ်းခြောက်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ထရမ့်ရဲ့ မဲဆွယ်အဖွဲ့နဲ့ ရုရှတု့ိအကြား လျို့ဝှက်ပူးပေါင်းလုပ်ဆောင်ခဲ့ဖွယ်ရှိတယ်ဆိုတဲ့ စွဲချက်တွေ ထွက်ပေါ်ထားမှုနဲ့ပတ်သက်လို့ ဦးဆောင်စုံစမ်းစစ်ဆေးနေခဲ့သူ FBI ဒါရိုက်တာဟောင်း ဂျိမ်းစ် ကိုမီကို ရာထူးကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။
ယင်းအတွက်ကြောင့် ထရမ့်အနေနဲ့ကတော့ ၎င်းရဲ့ ရွေးကောက်ပွဲမဲဆွယ်မှုမှာ ရုရှတို့ရဲ့ ခြေထိုးပါဝင်မှုတွေအပေါ် အဓိက စုံစမ်းစစ်ဆေးမှုတွေကို ရပ်ဆိုင်းသွားစေဖို့ ဆန္ဒရှိနေကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ဆင်းန် စပိုက်ဆာက တော့ သမ္မတအနေနဲ့ ထုတ်ပယ်ခံ FBI ဒါရိုက်တာကို ခြိမ်းခြောက်ပြောဆိုနေတာမျိုး မရှိပါကြောင်း ခုခံပြောဆိုသွားခဲ့တယ်လို့လည်း သိရပါတယ်။