ရုပ်သံဇာတ်လမ်းတွဲ ကြည့်ရှုသူပရိသတ်များကြား ရေပန်းစားနေသော မိမိကိုယ်ကို အဆုံးစီရင်သွားသည့် ဆယ်ကျော်သက်လေးအကြောင်း ရိုက်ကူးထားသော 13 Reasons Why ဇာတ်ကား၏အဆက် ဒုတိယမြောက် ဇာတ်လမ်းတွဲ ထွက်ရှိလာဦးမည်ဖြစ်ကြောင်း အဆိုတော်ဆယ်လီနာဂိုမက်ဇ်က ပြောခဲ့သည်။
Netflix မှ ထုတ်လွှင့်သော အဆိုပါဇာတ်လမ်းတွဲ၌ ပူးတွဲထုတ်လုပ်သူအဖြစ် ပါဝင်ခဲ့သော အဆိုတော်နှင့် သရုပ် ဆောင်ဖြစ်သူ ဂိုမက်ဇ်က အင်စတာဂရမ်၌ ဗွီဒီယိုလေးတစ်ခုတင်ကာ နောက်ဆက်တွဲဇာတ်လမ်းတွဲ ထွက်ရှိမည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ဒါ့အပြင် “ဇာတ်လမ်းက မပြီးဆုံးသေးပါဘူး” ဟု သူမက ရေးသားခဲ့သည်။
မိမိကိုယ်ကိုသတ်သေသွားသည့် ဆယ်ကျော်သက်ကောင်မလေးတစ်ဦး၏ ကတ်ဆက်တိတ်ခွေ ၁၃ ခုကို ရရှိခဲ့သော ဆယ်ကျော်သက် ကောင်လေးတစ်ဦးအကြောင်း ရေးဖွဲ့ထားသည့် စာရေးဆရာ ဂျေးအက်ရှာ၏ဝတ္ထု ကို အခြေခံကာ 13 Reasons Why ဇာတ်ကားကို ရိုက်ကူးထားခြင်းဖြစ်သည်။
အသက် ၂၄နှစ်အရွယ် ဂိုမက်ဇ်သည် အဆိုပါဇာတ်လမ်းတွဲထဲ၌ မိမိကိုယ်ကိုအဆုံးစီရင်သွားသော ဟာနာဘေကာ ဟု အမည်ရသည့် ဆယ်ကျော်သက်မိန်းကလေး ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်ရန် စီစဉ်ထားခဲ့သော်လည်း နောက်ဆုံးတွင် မပါဝင်ရန် ဆုံးဖြတ်ချက်ချခဲ့သောကြောင့် အဆိုပါဇာတ်ကောင်နေရာ၌ သြစတြေးလျမင်းသမီး ကတ်သရင်းလန်းဖော့ဒ်က သရုပ်ဆောင်ခဲ့သည်။
Ref: BBC