မြောက်ကိုရီးယားနဲ့ ခပ်ခွာခွာနေဖို့ အာဆီယံကို အမေရိကန် တိုက်တွန်း

မြောက်ကိုရီးယားနဲ့ ခပ်ခွာခွာနေဖို့ အာဆီယံကို အမေရိကန် တိုက်တွန်း

မေ ၅ ။                  ။ ပြုံယမ်းအစိုးရနဲ့ သံတမန်ဆက်ဆံမှုပိုင်းမှာ လျှော့ချဆက်ဆံသွားဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံကို အမေရိကန်က တိုက်တွန်းလိုက်တယ်လို့ သတင်းတစ်ရပ်မှာ   ဖော်ပြထားပါတယ်။

ဝါရှင်တန်မှာ ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးတစ်ခုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်က အထက်ပါအတိုင်း တောင်းဆိုတိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားတို့နဲ့ ခပ်တန်းတန်းသာ ဆက်ဆံဖို့၊ နောက်ပြီး ယင်းကွန်မြူနစ်နိုင်ငံရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ပရိုဂရမ်တွေအတွက် ဘဏ္ဍာငွေ ထောက်ပံ့မှုလမ်းကြောင်းတွေကို ကူညီဖြတ်တောက်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပြောကြားသွားပါတယ်။

အလားတူ တောင်တရုတ်ပင်လယ်ပြင်အတွင်း ပင်လယ်ရေကြောင်းဆိုင်ရာ လိုက်နာရမယ့်ကျင့်ဝတ်တွေ ရေးဆွဲနေတဲ့အချိန်မှာ ယင်းဒေသတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အာဆီယံနိုင်ငံတွေအနေနဲ့လည်း ကျွန်းတုတည်ဆောက်တာ၊ စစ်ရေးတည်ဆောက်တာတွေ ရပ်ဆိုင်းထားဖို့ကိုလည်း တီလာဆန်က တိုက်တွန်းသွားပါတယ်။

အမေရိကန်ထိ ရောက်နိုင်စွမ်းရှိ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည် စမ်းသပ်မှုတွေလုပ်နေတဲ့ ပြုံယမ်းအစိုးရအပေါ် ကုလသမဂ္ဂ ရဲ့ ဆန်ရှင်ချမှတ်မှုတွေနဲ့ပတ်သက်လို့ အာဆီယံဘက်ကလည်း ဝိုင်းဝန်းဖော်ဆောင်ပေးဖို့ တီလာဆန်က တောင်းဆိုသွားပါတယ်။

ပြုံယမ်းအစိုးရနဲ့အကြား သံတမန်ဆက်ဆံမှုတွေ ရပ်ဆိုင်းတာပဲဖြစ်ဖြစ် ဒါမှမဟုတ် လျှော့ချဆက်ဆံတာပဲ ဖြစ်ဖြစ် လုပ်ဆောင်ပေးဖု့ိ အာဆီယံ ဆယ်နိုင်စလုံးကို တီလာဆန်က ယခု အစည်းအဝေးမှာ   တောင်းဆိုပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly