ဘောလုံးသမားများတွင် စိတ်ကျန်းမာရေးပြဿနာမြင့်တက်လာနေ

ဘောလုံးသမားများတွင် စိတ်ကျန်းမာရေးပြဿနာမြင့်တက်လာနေ

မေ ၄၊ လန်ဒန်။           ။ စိတ်ကျန်းမာရေးပြဿနာများအတွက် အကူအညီရှာဖွေသည့် ဘောလုံးသမားအရေအတွက်မြင့်တက်လာပြီး သတိထားရမည့် ကိစ္စတစ်ခုအဖြစ်ကြီးထွားလာနေသည်ဟု ပရော်ဖက်ရှင်နယ်ကစားသမားအစည်းအရုံးက အတည်ပြုခဲ့သည်။

အဲဗာတန်တောင်ပံကစားသမားဖြစ်သူ အာရွန်လင်နွန်၏အခြေအနေမှာစိုးရိမ်စရာဖြစ်လာပြီး စိတ်ကျန်းမာရေးဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ခံရပြီးနောက် အဆိုပါအကြောင်းအရာမှာ တစ်ဖန်ပြန်လည်အာရုံစိုက်စရာဖြစ်လာခဲ့ခြင်းဖြစ်သည်။

လင်နွန်သည် တနင်္ဂနွေနေ့တွင် ဆေးရုံတက်ခဲ့ရပြီး စိတ်ဖိစီးမှုနှင့်ဆက်စပ်သည့်ရောဂါဝေဒနာကို ကုသမှုခံယူနေရသည်။ ပရော်ဖက်ရှင်နယ်ကစားသမားအစည်းအရုံး PFA သည် ၂၀၁၂ ခုနှစ်ကတည်းက အဖွဲ့ဝင်ကစားသမားများ၏ ကျန်းမာရေး အတွက် အကူအညီများထောက်ပံ့ပေးနေပြီး အရေအတွက်မှာ မြင့်တက်လာနေခြင်းဖြစ်သည်။

“ကစားသမားတွေအတွက် လူမှုဖူလုံရေးဌာနကို ၂၀၁၂ မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကစားသမားတွေ ကို တောင်းဆိုမှုတွေမြင့်မားလာပြီး ဝန်ထုပ်ဝန်ပိုးတွေအများကြီးကြောင့် စိတ်ဖိစီးမှုတွေပိုများလာတယ်လို့ ခံစားမိလို့ပါ။

မနှစ်ကဆိုရင် အကူအညီလာရှာတဲ့ ကစားသမား ၁၆၀ ရှိခဲ့ပြီး ၆၂ ယောက်က လက်ရှိဘောလုံးကစားနေသူတွေပါ။ ၉၈ ယောက်က ဘောလုံးသမားဟောင်းတွေဖြစ်ပါတယ်။ ပြီးတော့ တစ်နှစ်ပြီးတစ်နှစ် အရေအတွက်တိုးလာနေပါတယ်။

ဒါကိုဘောလုံးပြဿနာတစ်ခုအဖြစ်တင်မဟုတ်ဘဲ လူမှုပြဿနာတစ်ခုအဖြစ် ကျွန်တော်တို့အလေးထားဆောင်ရွက်သွားရမှာပါ” ဟု ပီအက်ဖ်အေ လူမှုဖူလုံရေးဌာနအကြီးအကဲ မိုက်ကယ်ဘန်းနက်က ပြောသည်။

ပီအက်ဖ်အေသည် များစွာသောအကူအညီနှင့် အကြံဉာဏ်များပေးနိုင်ရန် စနစ်တစ်ခုစီစဉ်ထားရှိပြီး ၂၄ နာရီဖုန်းလက်ခံ ဖြေဆိုပေးမည့် စိတ်ရောဂါအထူးကုဆရာဝန်များကိုလည်း ထားရှိပေးထားသည်။

“စိတ်ကျန်းမာရေးဆိုတာ တချို့သောလူတွေအတွက် ခြားနားတဲ့အကြောင်းအရာမျိုးစုံနဲ့ ထိခိုက်စေတဲ့အရာပါ။ အားကစားက လည်း အဲဒီကနေ မလွတ်ကင်းနိုင်ပါဘူး”ဟု ဆိုသည့် ပီအက်ဖ်အေအမှုဆောင်ချုပ် ဂေါ်ဒွန်တေလာက အခြားပရော်ဖက်ရှင်နယ် အားကစားအဖွဲ့ချုပ်များပူးပေါင်းဆောင်ရွက်လာခြင်း၏ အကျိုးဖြစ်ထွန်းမှုကို ချီးကျူးခဲ့ပြီး “ကျွန်တော်တို့အားလုံးအတွက် ဘုံ လုပ်ဆောင်ရမယ့်အရာပါ။ အကူညီဖုန်းလိုင်းကိုကြည့်ရတာ အရမ်းအထောက်အကူဖြစ်မယ့်ပုံပါပဲ”ဟု ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly