ဇူလိုင် ၃၁ ရက် ။ ။ ဇူလိုင် ၃၁ ရက်၌ ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ မှ ၆၀ ရှိနိုင်ပြီး စစ်ထွေခရိုင်တွင် တစ်နာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်ဟု မိုး/ဇလ ကကြေညာထားသည်။
မြန်မာကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်တွင်လည်း တစ်နာရီ မိုင် ၄၀ နှုန်း မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လှိုင်းကြီးမည်ဟုလည်း သိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်လျက်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” (Komen) သည် အားကောင်းသော မုန်တိုင်းငယ်အဖြစ် တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့ရှားနေပြီး တဖြည်းဖြည်းအားပျော့သွားမည်ဟု ခန့်မှန်းထားပါသည်။
၎င်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးကြီးခြင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးခြင်းတို့အပြင် လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်နိုင်ပါသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် အထူးသတိပြုရန် မိုး/ဇလ က အကြံပြုထားသည်။
photo - မိုး/ဇလ