ရွှေဘို၊ ဧပြီ ၂၇ ။ ။ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ-UDP (ရွှေဘိုခရိုင်) ရုံးဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာတွင် ဧပြီ ၂၇ရက် နံနက်က ပြုလုပ်ခဲ့သည်။
အဆိုပါရုံးကို ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(UDP) ဗဟိုရုံးအဖွဲ့မှူး ဦးခင်မောင်ကြည်က လာရောက်ဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်စည်းရုံးရေးမှူးအဖြစ် ဒေါ်ဖြိုးဖြိုးဝေကို ခန့်အပ်တာဝန်ပေးခဲ့သည်။
၂၀၂၀ရွေးကောက်ပွဲတွင် အပြည့်အဝအနိုင်ရရှိရေးအတွက် ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(UDP)မှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ ခရိုင်၊ မြို့နယ်ပါတီရုံးခွဲများကို ဖွင့်လှစ်နေခြင်းဖြစ်သည်။
ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(UDP)ဗဟိုရုံးအဖွဲ့မှူး ဦးခင်မောင်ကြည်က"၂၀၂၀ရွေးကောက်ပွဲမှာ အပြည့်အဝအနိုင်ရရှိဖို့ ခရိုင်ပါတီရုံးဖွင့်လှစ်တာပါ။ ခရိုင်စည်းရုံးရေးမှူးကိုလည်း ဒေသခံကိုပဲ ခန့်အပ်တာဝန်ပေးထားပါတယ်။"ဟုပြောသည်။
ခရိုင်စည်းရုံးရေးမှူး ဒေါ်ဖြိုးဖြိုးဝေက "လမ်းခင်မယ်။ ကျန်းမာရေးဆေးပေးခန်းတွေလုပ်မယ်။ ကျေးရွာတွေမှာပေါ့။ လုပ်အပ်တာတွေ ကူညီပ့ံပိုးပေးဖို့စီစဉ်ထားပါတယ်။ ကျန်းမာရေး၊ပညာရေးကအစပေါ့။"ဟုပြောသည်။
ရွှေဘိုခရိုင်တွင် လက်ရှိပါတီဝင်အင်အား ၁၀၀၀ ဦးကျော်ရှိနေပြီး ပါတီဝင်အင်အား တိုးလာစေရန်အတွက်လည်း စည်းရုံးဟောပြောမှုများလုပ်ဆောင်သွားမည်ဟု ဒေါ်ဖြိုးဖြိုးဝေကဆိုသည်။
ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(UDP)အနေဖြင့် ဆက်လက်၍ ခင်ဦး၊ ရေဦးနှင့် ယင်းမာပင်ခရိုင်တို့တွင်လည်း ပါတီရုံးခွဲများ ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်သည်။ ထိုသို့ ခရိုင်၊ မြို့နယ်ပါတီရုံးခွဲများ ဖွင့်လှစ်ပြီးပါက စစ်ကိုင်းတိုင်းရုံးကို မုံရွာမြို့တွင် ဖွင့်လှစ်သွားမည်ဟု ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(UDP)ဗဟိုရုံးအဖွဲ့မှူး ဦးခင်မောင်ကြည်ကဆိုသည်။
ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(UDP)ကို ၂၀၁၀ခုနှစ်၊ မေလ ၂၆ ရက်တွင် တရားဝင်မှတ်ပုံတင်၍ ဖွဲ့စည်းခဲ့သည်။
ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(UDP)အနေဖြင့် စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေး၊ ဒီမိုကရေစီစနစ်ထွန်းကားရေး၊ မြန်မာပြည်သူလူထုတစ်ရပ်လုံး စားဝတ်နေရေးနှင့် အခြေခံဝင်ငွေဖူလုံစွာ ရရှိရေး၊ လူတန်းစားအားလုံး အလုပ်အကိုင်ရရှိရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတစ်နိုင်ငံ ဖြစ်ပေါ်လာရေး ဦးတည်ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။