ပါရီ၊ ဧပြီ ၂၆ ။ ။ ပြင်သစ်သမ္မတအဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် မဲရလဒ်အသာစီးရထားသည့် စီးပွားရေးသမားဟောင်း အီးယူထောက်ခံသူ မက်ခရွန် ရောက်ရှိနေရာ အရပ်သို့ မဲရလဒ်တွင် ဒုတိယနေရာက ရှိထားသူ လက်ယာစွန်းပါတီ သမ္မတလောင်း လီပင်းကလည်း လာရောက်ကာ နှာတစ်ဖျားအသာရရန် ကြံဆောင်ခဲ့သည်။
အလုပ်အကိုင်နှင့် ပတ်သက်ပြီး ခြိမ်းခြောက်ခံနေရသည့် Whirlpool ကိရိယာပစ္စည်းအသုံးအဆောင် ထုတ်လုပ်ရာ စက်ရုံရှိနေရာ အမ်မိန်းမြို့သို့ မက်ခရွန်ရောက်ရှိလည်ပတ်နေစဉ် လီပင်းက ယင်းစက်ရုံသို့ အရောက်သွားကာ စက်ရုံအလုပ်သမားများနှင့် တွေ့ဆုံစည်းရုံးခဲ့ခြင်းဖြစ်သည်။
မက်ခရွန်က စက်ရုံရှိရာသို့ ကိုယ်တိုင်သွားရောက်ခြင်းမရှိဘဲ မြို့က စားသောက်ဆိုင်တစ်ဆိုင်မှာပင် စက်ရုံအလုပ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် စီစဉ်ဆောင်ရွက်စဉ် လီပင်းက မြို့မြောက်ပိုင်းရှိ ယင်းစက်ရုံသို့ မကြေညာဘဲ အရောက်သွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ သွားရောက်ခဲ့ပြီး ပိုလန်သို့ လုပ်ငန်းပြောင်းရွှေ့မည်ဟု ခြိမ်းခြောက်ခံနေရသည့် စက်ရုံအလုပ်သမားနှင့် တွေ့ဆုံခဲ့သကဲ့သို့ selfies ပုံများပင် တွဲရိုက်ခဲ့သည်။
“ဘယ်သူမဆို သိနိုင်ပါတယ်။ မက်ခရွန်က ဘယ်ဖက်က ရပ်တည်လဲဆိုတာ။ သူရှိနေတာက လုပ်ငန်းရှင် ကော်ပိုရေးရှင်းတွေဖက်မှာပဲ။”ဟု ဌာနေကုန်သွယ်မှုရုံးတွင် စက်ရုံအလုပ်သမားသမဂ္ဂမှ ကိုယ်စားလှယ်များနှင့် မက်ခရွန်တွေ့ဆုံနေစဉ် လီပင်းက စက်ရုံရှေ့ ကားပါကင်တွင် အလုပ်သမားများကို ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျွန်မကတော့ အလုပ်သမားတွေဖက်မှာ ရှိနေတာပါ။ ခုကားပါကင်မှာ ရောက်နေတာပဲ ကြည့်။ မြို့ထဲက စားသောက်ဆိုင်မှာ ရှိနေတာ မဟုတ်ဘူး။”ဟု လီပင်းက မက်ခရွန်ကို စောင်းချိတ်က ပြောဆိုခဲ့သည်။
လီပင်း၏ စကားထိုးစစ်အား ပြန်လည်ချေဖျက်သည့် အနေဖြင့် မက်ခရွန်က တွစ်တာတွင် “ သူက ကားပါကင်မှာ သူ့ကို ထောက်ခံသူတွေနဲ့ ကင်မရာရှေ့ဆယ်မိနစ်လောက် သွားရပ်ခဲ့တာပါ။ ဒီအချိန်မှာ ကျွန်တော်က ဘယ်မီဒီယာမှ ရှိနေပေမယ့် အလုပ်သမားသမဂ္ဂကိုယ်စားလှယ်တွေနဲ့ တစ်နာရီခွဲလောက် အချိန်ပေး ဆွေးနွေးနေခဲ့တာပါ။”ဟု ရေးသားခဲ့သည်။