မင်္ဂလာပါ
ဒီတပတ်တော့ မိုးရွာလိုက်နေပူလိုက်ဖြစ်နေတဲ့ ကာလဖြစ်လို့ ချွေးပြန်ပြီး ပေါ့ပါးသွားစေမယ့် ချဉ်ငံစပ် ဟင်းလေးတစ်ခွက် ချက်စားရအောင်။ ချက်ရတာလည်း အရမ်းလွယ်ကူပြီး အချိန်မကြာတဲ့ ပုစွန်လယ်သမားဟင်းလေးပါ။
ဒီဟင်းလေးချက်တော့မယ်ဆိုရင် လိုအပ်တာတွေကတော့
ပုစွန်ကျော့ ၃၀သား (အခွံခွာ၊ ဆားဆနွင်း နယ်ထားပေးပါ)
ခရမ်းသီးအနု အရွယ်သေးသေး အနည်းငယ်
ကိုင်းခရမ်းချဉ်သီး ၂လုံး
မန်ကျည်းသီးမှည့် အနည်းငယ်
ငရုတ်သီးစိမ်း ကြက်သွန်ဖြူ အနည်းငယ် (လေးစိတ်ကွဲ ထောင်းထားပါ)
ငါးပိစိမ်းစား အနည်းငယ် လိုအပ်ပါတယ်။
ပြီးရင်တော့ ပုစွန် နဲ့ တခြားအမယ်တွေကို အိုးထဲထည့်ပါ။ ရေ အနည်းငယ်ထည့်ပြီး ချက်ပါ။ပုစွန်က အကြာကြီးချက်စရာမလိုလို့ ရေကို အများကြီးထည့်ဖို့ မလိုပါဘူး။ ဆီလည်း လုံးဝထည့်စရာမလိုပါဘူး။ ပုစွန်က ချိုပြီးသားမို့ ကြက်သွန်နီလည်း ထည့်စရာမလိုပါဘူး၊
၁၀ မိနစ်လောက် တည်ပြီးရင် ရေလည်း ခမ်းပြီး ပုစွန်နဲ့ ခရမ်းသီး နူးပြီဆိုရင််တော့ အရသာ အပေါ့ အငံ မြည်းပြီး လိုအပ်သလို ပြင်ဆင်နိုင်ပါတယ်။ အရသာကြိုက်ပြီဆိုရင်တော့ ပင်စိမ်းရွက်လေး အပေါ်က အုပ်လိုက်ပါ။
ပင်စိမ်းနံ့ မွှေးမွှေး ငပိစိမ်းစားနံ့ သင်းသင်းလေးနဲ့ ပုစွန်လယ်တောချက် ရပါပြီ။ ဒီတိုင်းစားလဲကောင်းသလို တခြား အတို့အမြုပ်လေးတွေနဲ့လဲ တွဲဖက်စားနိုင်ပါတယ်။ ဆီပြန်ဟင်းတွေစားရတာ ရိုးနေတဲ့သူတွေအတွက် ဆီမပါပေမယ့် ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ပါ။ အစပ်ကြိုက်တဲ့သူဆိုရင်တော့ ငရုတ်သီးစိမ်းများများထည့်ဖို့ မမေ့နဲ့နော်။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။