ကနေဒါ R&B အဆိုတော် ဒရိတ်ခ်၏ More Life အယ်လ်ဘမ်သည် အွန်လိုင်းမှ တိုက်ရိုက်နားဆင်သူ အကြိမ် အရေအတွက် များပြားနေဆဲဖြစ်ကာ ပြီးခဲ့သော တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် အမေရိကန် Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယား၌ ထိပ်ဆုံးမှ ဦးဆောင်နေဆဲဖြစ်သည်။
“More Life” အယ်လ်ဘမ်သည် ထွက်ရှိခဲ့သည်မှာ သုံးပတ်မြောက်ရှိပြီဖြစ်သော်လည်း အချပ်ရေ ၁၆၀၀၀ ခန့်၊ သီချင်းရောင်းချရမှု ၈၆၀၀၀ ခန့်နှင့် အင်တာနက်မှ တိုက်ရိုက်နားဆင်မှု အကြိမ်ရေ ၁၆၇ သန်းခန့်ရရှိခဲ့သောကြောင့် စုစုပေါင်း အချပ်ရေ ၁၃၆၀၀၀ ခန့်ရောင်းချရပြီးပြီ ဖြစ်ကြောင်း Nielsen SoundScan မှ ထုတ်ပြန်ခဲ့သည်။
Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားအား ရေတွက်ပုံမှာ အယ်လ်ဘမ်ရောင်းချရမှုများ၊ သီချင်း ရောင်းချရမှုအကြိမ်ရေ ( သီချင်းဆယ်ပုဒ်မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) ၊ အင်တာနက်မှ သီချင်းနားဆင်မှု အကြိမ်ရေ ( နားဆင်မှုအကြိမ် ၁၅၀၀ မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့အား တွက်ချက်၍ အဆင့်သတ် မှတ်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဇယားထိပ်ဆုံးနေရာအား သိမ်းပိုက်ထားနိုင်မှုသည် အဆိုတော်ဒရိတ်ခ်အတွက် ပထမဦးဆုံး အကြိမ် မဟုတ်ကြောင်း သိရသည်။
ပြီးခဲ့သောနှစ်ကလည်း သူ၏ Views အယ်လ်ဘမ်သည် အယ်လ်ဘမ်ဇယား၌ ၁၃ ပတ်ဆက်တိုက် ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ပြီး တစ်ပတ်အတွင်း အင်တာနက်မှ နားဆင်မှု အကြိမ်ရေ သန်း၁၀၀ ကျော်ခန့် ရရှိခဲ့သည်။