ပဲခူးတိုင်း ပြည်မြို့ ခေတ္တရာမြို့သစ် NLD ရပ်ကျေး ဥက္ကဋ္ဌကို ပါတီဝင်တစ်ဦးကို ကာမလိမ်လည်မှုဖြင့် တိုင်ကြားထားသည်ဟု ပြည်မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်း ကပြောသည်။
"အခုတရားရုံးကိုရောက်သွားပြီ။ ကျနော်တို့က တရားရုံးဆုံးဖြတ်ချက်ကိုစောင့်မယ်။ တရားရုံးရဲ့ အရေးယူမှုအပေါ်မှာပဲ ကျနော်တို့က ပါတီအနေနဲ့ အထက်အဆင့်ဆင့်ကိုတင်ပြ သွားမယ်" ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်း ကပြောသည်။
NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးလှထွေးသည် ၂၀၁၆ ခုနှစ်အတွင်းက အသက်၄၇ နှစ်အရွယ်ပါတီဝင်အမျိုးသမီးတစ်ဦးကို လက်ထပ်ပေါင်းသင်းမည်ဟု လိမ်လည်၍ ရ ကြိမ်၊ ၈ ကြိမ်ခန့် သားမယားအဖြစ် နေထိုင်ခဲ့သည်ဟု တိုင်ကြားခံထားရခြင်းဖြစ်သည်။
"စာလာတင်တဲ့အခါ ကိုယ်က ဒီလိုဖြစ်နေတာ မကောင်းဘူးဆိုပြီးညှိပေးဖို့လုပ်တယ်။ ညှိပေးမယ်လုပ်တဲ့အခါ ကိုလှထွေးဘက်က လက်မခံဘူး။ ဂုဏ်သိက္ခာစော်ကားခံရတယ်ဆိုပြီး တရားပြန်ဆွဲမလို့လုပ်တယ်"ဟု ဒေါက်တာခင်မောင်ဝင်းကဆိုသည်။
ပါတီဝင် အမျိုးသမီးမှာ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလက ပါတီသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းအပြင် ဦးလှထွေးအား ကာမလိမ်လည်မှုဖြင့် အရေးယူပေးရန် ပြည်မြို့နယ် တရားရုံးတွင်လည်း ဦးတိုက်လျောက်ထားခဲ့ရာ ဧပြီ ရရက်က တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့သည်ဟု သိရသည်။
ဦးလှထွေးဘက်မှလည်း တိုင်ကြားသူ အမျိုးသမီး နှင့် အမျိုးသမီးဘက်မှလိုက်ပါဆောင်ရွက်သူ ဦးကျော်ကိုကို (ပြည်မြို့နယ် လူ့အခွင့်အရေး နှင့် တရားဥပဒေစိုးမိုးရေး ကွန်ယက် တာဝန်ခံ)တို့ကို ခြိမ်းခြောက်ငွေတောင်းခံမှုဖြင့် ပြန်လည်တိုင်တန်းခဲ့သည်။
"ပထမအကြိမ်််အကြောင်းကြားစာမှာ ၂၀၁၅ ခုနှစ် လို့ပါတယ်။ အဲဒီတုန်းက ရုံးခန်းလည်းမရှိဘူး။ သူကလည်း (တိုင်ကြားသူအမျိုးသမီး)ပါတီအရေးကိစ္စဆွေးနွေးရအောင် အလုပ်အမှုဆောင်မဟုတ်သေးဘူး။ အထောက်အထားတွေ မခိုင်လုံဘူး"ဟု တိုင်ကြားခံရသူ ဦးလှထွေးက မဇ္ဈိမကို ပြောသည်။
"ပိုက်ဆံမရှိတဲ့သူဆိုတော့ ရှေ့နေနဲ့ နို့တစ်မပို့နိုင်ဘူး။ ကွန်ယက်ကနေအကြောင်းကြားစာပို့တော့ ကွန်ပျူတာစာစီတဲ့နေရာမှာ date လွဲသွားတယ်"ဟု ပြည်မြို့နယ် လူ့အခွင့်အရေး နှင့် တရားဥပဒေစိုးမိုးရေး ကွန်ယက်တာဝန်ခံ ဦးကျော်ကိုကိုက ဦးလှထွေးက ထောက်ပြ ပြောဆိုမှုကို ပြန်လည် ချေပသည်။
ခေတ္တရာမြို့သစ် ၃/၈ လမ်းတွင် ဦးလှထွေး ဦးဆောင်သော NLD ပါတီရုံးခန်းရှိပြီး ခေတ္တရာမြို့သစ် ၁၃ လမ်း ဒေါ်ခိုင်ခိုင်အေး၏ နေအိမ်တွင်လည်း ရုံးသစ်တစ်ခု ဖွင့်လှစ်ထားသည်။