ရန်ကုန်၊ ဧပြီလ ၁ဝ ။ ။ ဘတ်စ်ကားများပေါ်တွင် အဆင့်မြှင့်တင်ထားသည့် ဝန်ဆောင်မှုအပေါ်ကြည့်၍ ခရီးသွားပြည်သူများမှ ယာဉ်စီးခပေးချေသည့်စနစ်ကို YBS ၂၁ ယာဉ်လိုင်းမှ စမ်းသပ်ပြေးဆွဲပေးနေကြောင်း ၂၁ ယာဉ် လိုင်းပိုင်ရှင် ကိုတရုတ်လေးက မဇ္ဈိမသို့ ပြောသည်။
အဆိုပါ သီးသန့်ဘတ်စ်ကားများကို မိတ်ဆက်သည့်အနေဖြင့် ဧပြီလ ၄ ရက်မှ စတင်ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ယာဉ်စီးခများကို သတ်မှတ်ပေးထားခြင်းမရှိဘဲ ခရီးသွားပြည်သူများက ကျသင့်ငွေကို ဘတ်စ်ကားများပေါ်တွင် အဆင့်မြှင့်တင်ထားသည့် ဝန်ဆောင်မှုအခြေအနေပေါ်ကြည့်၍ ငွေပေးချေရခြင်း အစီအစဉ်ဖြစ်ကြောင်းသိရသည်။
“ကားမှာ ဝန်ဆောင်မှုအပိုင်းတွေကို တိုးလိုက်တယ်။ တိုးပြီးတော့ ယာဉ်စီးခကို ဝန်ဆောင်မှုနှင့်ညီမျှသော ယာဉ်စီးခကို ပေးချေပါဆိုပြီး စာကို ကပ်လွှတ်လိုက်တယ်။ ယာဉ်စီးခ ဘယ်လောက်ဆိုတာကို ကျွန်တော်တို့က မသတ်မှတ်ဘူး။ ဆိုတော့ ဒီယာဉ်လိုင်းတွေ ရေရှည်ရပ်တည်နိုင်ရေး၊ မရပ်တည်နိုင်ရေးဆိုတာက ခရီးသွားပြည်သူတွေရဲ့ လက်ထဲကို ကျွန်တော်တို့ထည့်လိုက်တာပါ”ဟု ကိုတရုတ်လေးက သီးသန့်ဘတ်စ်ကားများ မိတ်ဆက်ပြေးဆွဲရခြင်းအကြောင်းနှင့် ပတ်သက်ပြီး ရှင်းပြသည်။
အဆိုပါ စမ်းသပ်ပြေးဆွဲပေးနေသည့် သီးသန့်ဘတ်စ်ကားများမှာ အဲကွန်း၊ CCTV ၊ GPS၊ စနစ်များအပါအဝင် နံရံကပ်ပန်းချီများ ချိန်ဆွဲထားပြီး လူပိုတင်ဆောင်ခြင်းမပြုဘဲ ၄၅ ယောက်စီးနှင့် ၅၅ ယောက် စီးနင်းနိုင်ရန် ကားအပြည့်ခုံများတပ်ဆင်ထားခြင်းဖြစ်ကာ
ခရီးသွားပြည်သူများက ယင်းဝန်ဆောင်မှုစနစ်ကို လက်ခံပါက တိုးချဲ့ပြေးဆွဲသွားရန် ကားအစီးရေ ၃ဝ ကျော်ထိ စီစဉ်ပေးသွားမည်ဟု ကိုတရုတ်လေးကဆိုသည်။
“ကားတွေက အဆင်သင့်ဝယ်ပြီးသားတွေရှိတယ်။ ဆိုတော့ ကျွန်တော်တို့ ခရီးသွားပြည်သူတွေက ဒီစနစ်၊ ဒီဝန်ဆောင်မှုတွေကို လက်ခံလို့ ဒါကိုတောင်းဆိုလာတယ်ဆိုရင် မြန်မြန်ဆန်ဆန်ပဲ လုပ်ငန်းခွင်ထဲထည့်ပေးမယ်။ ဘယ်အချိန်လောက်ဖြစ်မလဲဆိုတာကတော့ ခရီးသွားပြည်သူအပေါ်မှာပဲ မူတည်ပါတယ်”ဟု ကိုတရုတ်လေးက ပြောသည်။
အဆိုပါ YBS ၂၁ ယာဉ်လိုင်းမှာ Power Eleven ကုမ္ပဏီနှင့် ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီမှ ယာဉ်အစီးရေ ၁၇ဝ ကျော်ဖြင့် အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်)မှ မော်တင် - မဟာဗန္ဓုလမ်းထိ ပြေးဆွဲပေးနေခြင်း ဖြစ်သည်။