အီဂျစ် ခရစ်ယာန်ဘုရားကျောင်း၌ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၅ ဦးခန့် သေဆုံး

အီဂျစ် ခရစ်ယာန်ဘုရားကျောင်း၌ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၅ ဦးခန့် သေဆုံး

 ဧပြီ ၉ ။         ။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မြောက်ပိုင်းရှိ ဘုရားကျောင်း၌ အီစတာပွဲတော်မတိုင်မီကျရောက်သော တနင်္ဂနွေနေ့ အတွက် လူအများအပြား စုရုံးတက်ရောက်ခဲ့ကြစဉ်တွင် ဗုံးပေါက်ကွဲခဲ့မှုကြောင့် အနည်းဆုံး လူပေါင်း ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း နိုင်ငံတော်သတင်းဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

ယခုဖြစ်ရပ်သည် အီဂျစ်နိုင်ငံအတွင်းရှိ ကော့ပ်တစ်ခရစ်ယာန်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသော ဖြစ်ရပ် များထဲမှ နောက်ဆုံးဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။

ကိုင်ရိုမြို့မြောက်ပိုင်းမှ နိုင်းလ်မြစ်ဝကျွန်းပေါ်မြို့ဖြစ်သော တန်တာရှိ Mar Girgis ကော့ပ်တစ်ခရစ်ယာန် ဘုရား ကျောင်း၌ ဗုံးပေါက်ကွဲခဲ့မှုကြောင့် လူပေါင်း ၄၀ ခန့်လည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

တန်တာမြို့ရှိ ဆေးရုံမှ ဆေးဘက်ဆိုင်ရာ အရာရှိများက သေဆုံးခဲ့သူ ၁၅ ဦးခန့် ရှိကြောင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ခရစ်ယာန်ပြက္ခဒိန်တွင် အီစတာပွဲတော်မတိုင်မီ ကျရောက်သော တနင်္ဂနွေနေ့ ( Palm Sunday) သည် သန့်စင် မွန်မြတ်ဆုံး နေ့များထဲမှ တစ်နေ့ဖြစ်ပြီး ဂျေရုစလမ်မြို့ထဲသို့ ယေရှုခရစ် အောင်မြင်စွာ ၀င်ရောက်သည့်နေ့အား အမှတ်သညာပြု၍ ကျင်းပခြင်းဖြစ်သည်။

လာမည့်တနင်္ဂနွေနေ့တွင် အီစတာပွဲတော် ကျင်းပမည်ဖြစ်သော အီဂျစ်နိုင်ငံ၏ လူဦးရေ ၉၂သန်းခန့်တွင် ဆယ်ပုံတစ်ပုံခန့်ရှိသည့် ကော့ပ်ခရစ်ယာန်တို့သည် မကြာသေးခင်လများအတွင်းက အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည်။

ဂျီဟတ်ဝါဒီများနှင့် အစ္စလာမ်အစွန်းရောက်များက ကော့ပ်ခရစ်ယာန်တို့သည် လွန်ခဲ့သော ၂၀၁၃ခုနှစ်က အစ္စလာမ်ဘာသာဝင် အီဂျစ်သမ္မတ မိုဟာမက်မော်စီအား စစ်တပ်ကဖြုတ်ချရာတွင် ထောက်ခံခဲ့ကြသည်ဟု စွပ်စွဲနေကြသည်။

ပြီးခဲ့သော ဒီဇင်ဘာလကလည်း အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့က ပြုလုပ်ခဲ့သော အသေခံဗုံးဖောက်ခွဲမှုကြောင့် ကိုင်ရိုမြို့တွင် တနင်္ဂနွေနေ့၌ ၀တ်ပြုရှိခိုးနေကြသည့် လူပေါင်း ၂၉ ဦးခန့် သေဆုံးခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly