ဥရောပ၏ နောက်ဆုံးသောင်းကျန်းသူ Eta သူပုန်အဖွဲ့ ပြင်သစ်ထံ လက်နက်ချပြီ

ဥရောပ၏ နောက်ဆုံးသောင်းကျန်းသူ Eta သူပုန်အဖွဲ့ ပြင်သစ်ထံ လက်နက်ချပြီ

ပါရီ၊ ဧပြီ ၉ ။            ။ ပြင်သစ်နှင့် စပိန်နယ်ခြားက Basque ဒေသရှိ ဥရောပနောက်ဆုံးလက်ကျန် သူပုန်သောင်းကျန်းသူအဖွဲ့ဖြစ်သော Eta အဖွဲ့က ပြင်သစ်ထံတွင် လက်နက်ချ၍ ပြင်သစ်တွင် သောင်းကျန်းသူကဏ္ဍ အဆုံးသတ်ပြီဖြစ်သည်။

လက်နက်ချအခမ်းအနားကို ပြင်သစ်နိုင်ငံတောင်ပိုင်း Bayonne တွင် ကျင်းပခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံတောင်ပိုင်း Pyrenees-Atlantiques အရပ်တွင် အားလုံးတည်ရှိနေသည့် Eta အဖွဲ့ပိုင် လက်နက်တိုက် ၁၂ ခုစလုံး၏ တည်နေရာအသေးစိတ်ကို ပြင်သစ်ရဲထံ လက်လွှဲပေးအပ်ကြောင်း EFE သတင်းဌာနက ဖော်ပြသည်။

ယခုလက်နက်ချမှုသည် အဓိကခြေလှမ်းကြီးတစ်ရပ်ပင်ဖြစ်ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး Matthias Fekl က ချီးကျုးကြိုဆိုသည်။

စပိန်နှင့် ပြင်သစ်ကြား ခွလျက်တည်ရှိသော Basque လူမျိုးစုများ နေထိုင်ရာ ဒေသကို လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ရန် နှစ်ပေါင်း ၄၀ နီးပါးမျှ Eta အဖွဲ့က ထကြွနေခြင်းဖြစ်ပြီး လူပေါင်း ၈၀၀ ကျော်ထက်မနည်းလည်း သတ်ဖြတ်ခဲ့သည်။

ယင်းအဖွဲ့က ၂၀၁၁ ခုနှစ်အတွင်း အပစ်ရပ် ကြေညာခဲ့ခြင်းဖြစ်သော်လည်း လက်နက်ချခြင်း မရှိခဲ့ပေ။ Eta အဖွဲ့သည် စပိန်တွင် အာဏာရှင် ဖရန်ကို ခေတ်အတွင်း လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ခန့်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

လက်နက်တိုက် ရှစ်နေရာအပါအဝင် လက်နက်ခဲယမ်းများနှင့် ပတ်သက်သည့် အသေးစိတ်ရှင်းတမ်းကို ပေးအပ်ခြင်းဖြစ်သည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီး Matthias Fekl က ပြောသည်။

အဆိုပါ လက်နက်တိုက်များတွင် သေနတ်အလက် ၁၂၀၊ ဖောက်ခွဲရေးပစ္စည်း သုံးတန်နှင့် လက်နက်ခဲယမ်းထောင်နှင့်ချီကာ ရှိကြောင်း Eta အဖွဲ့နှင့် ပြင်သစ်အာဏာပိုင်များကို   စေ့စပ်ရေး လုပ်ဆောင်ပေးခဲ့သည့် အုပ်စုမှ ပြောရေးဆိုခွင့် ရှိသူက ဆိုကြောင်း ဘီဘီစီသတင်းတစ်ရပ်က ဖော်ပြသည်။

ဧပြီ ၈ လက်နက်တွင် လက်နက်များ လက်လွှဲပေးအပ်ခြင်းက ယင်းနေ့သည် ငြင်းမရနိုင်သည့် အရေးကြီးသည့် နေ့တစ်နေ့ ဖြစ်စေတော့ကြောင်း Fekl က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags