အဖေအရင်းက အရွယ်မရောက်သေးသည့် သားနှင့်သမီးကို ဓားဖြင့်ခုတ်သတ်မှု လယ်ဝေးမြို့နယ်တွင် ဖြစ်ပွား

အဖေအရင်းက အရွယ်မရောက်သေးသည့် သားနှင့်သမီးကို ဓားဖြင့်ခုတ်သတ်မှု လယ်ဝေးမြို့နယ်တွင် ဖြစ်ပွား

နေပြည်တော်(ဧပြီ ၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ အဖေအရင်းဖြစ်သူက အရွယ်မရောက်သေးသော ၎င်း၏ အသက် ၆နှစ်အရွယ်သားဖြစ်သူနှင့် ၄နှစ်အရွယ် သမီးဖြစ်သူကို ဓားဖြင့်ခုတ်သတ်ပြီး ၎င်းကိုယ်တိုင်လည်း ဓါးဖြင့်ထိုး၍ သေကြောင်းကြံစည်မှု ဧပြီ ၅ရက်၊ နံနက် ရနာရီက နေပြည်တောင်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လယ်ဝေးမြို့နယ်၊ ချောင်းခွအုပ်စု၊ နနွင်းကျင်းကျေးရွာနေ အသက်(၄၂)နှစ်အရွယ် မှတ်ကြီး(ခ)ထွန်းဝင်းသည် ၎င်း၏ သားဖြစ်သူနှင့် သမီးဖြစ်သူအား ဓားဖြင့် ခုတ်သတ်ပြီး ကိုယ်တိုင်လည်း ရင်အုံကို ဓားဖြင့်ထိုးသွင်းပြီး သေကြောင်း ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သားဖြစ်သူတွင် ယာပါးပြင် (၆)လက်မခန့် ပြတ်ရှဒဏ်ရာ၊ မေ့စေ့တွင် ပြတ်ရှဒဏ်ရာ၊ ဝဲလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာနှင့် သမီးဖြစ်သူတွင် လည်ပင်းနှင့် ဇက်ပိုးတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ပါရှိသည်။

ကလေးများအား ဓားဖြင့်ခုတ်သတ်ပြီး မိမိကိုယ်ကို ဓားဖြင့် ထိုးခဲ့သည့် မှတ်ကြီး(ခ)ထွန်းဝင်းမှာမူ ညာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဇက်ပိုးတွင် ပြတ်ရှဒဏ်ရာ(၃)ချက်ဖြင့် လယ်ဝေးမြို့နယ် ကုတင်(၁၀၀)ဆံ့ဆေးရုံတွင် အရေးပေါ် ခွဲစိတ်ကုသပြီး လက်ရှိအချိန်တွင် အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း လယ်ဝေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမင်းက မဇ္ဈိမကို ပြောသည်။

“လောလောဆယ် စစ်ဆေးပေါ်ပေါက်ချက်အရကတော့ သူက အရက်သောက်လို့ အရမ်းမူးရင် နည်းနည်းကြောင်ချင်တယ်ပေါ့။ ကြမ်းတယ်ပေါ့ အိမ်မှာ။ အရင် သူ့မိန်းမရှိတုန်းကလည်း အရမ်းမူးလာရင် ဓါးဆွဲ၊ တုတ်ဆွဲ ခနခနဖြစ်တယ်။ အခု ပြီးခဲ့တဲ့ နှစ်ကတည်းက သူ့မိန်းမက အိမ်ကဆင်းသွားတယ်။ မနေတော့ဘူးပေါ့။ ကလေး(၂)ယောက်နဲ့ သူ့နဲ့ပဲ ကျန်ခဲ့တယ်။ အရက်ကလည်း ခနခနမူးတယ်။ မူးတော့ အဲ့လို အရက်မူးပြီး ဖြစ်သွားတယ်လို့ပဲ လောလောဆယ် စစ်ဆေးပေါ်ပေါက်ပါတယ်။ အရက်မူးရင် ကြောင်တဲ့အခံ ရှိလို့ ဖြစ်သွားတယ်လို့ ယူဆရတယ်” ဟု ရဲမှူး စိုးမင်းက ဆိုသည်။

ကလေးများအား ၎င်းကိုယ်တိုင် ဓားဖြင့် ခုတ်သတ်ပြီး မိမိကိုယ်ကို သေကြောင်းကြံစည်သူ မှတ်ကြီး(ခ)ထွန်းဝင်းအား အရေးယူပေးရန် နနွင်းကျင်းကျေးရွာ ရာအိမ်မှူးက တရားလိုပြု တိုင်တန်းခဲ့ရာ သစ်ပုတ်ပင်နယ်မြေရဲစခန်း (ပ)၃၄/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၀၉ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly