အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရှိနေသရွှေ့ ပြည်သူတွေအနေဖြင့် NLD အပေါ် မျှော်လင့်ချက် ဆက်ရှိနေဦးမည်ဟု ဗိုလ်တစ်ထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက ၎င်း၏ အမြင်ကို ပြောကြားလိုက်သည်။
"ကျွန်မတို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရှိနေသရွှေ့ လူတွေရဲ့ မျှော်လင့်ချက်က NLD ပေါ်မှာပဲ မျှော်လင့်နေတုန်းရှိပါသေးတယ်" ဟု ဒေါ်မြင့်မြင့်စိုးက ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မှာ မဲလာရောက်ပေးစဉ်ပြောကြားခဲ့တာဖြစ်သည်။
NLD အစိုးရအနေဖြင့် အစိုးရသက်တမ်းတစ်နှစ်အတွင်းမှာ ပြည်သူလူထုမျှော်လင့်ထားသကဲ့သို့ အားရကျေနပ်မှုမရှိသော်လည်း ပြည်သူများအနေဖြင့် မျှော်လင့်ချက်ရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
"ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အနေနဲ့ အပြတ်သတ်နိုင်ဖို့ အရေးကြီးတယ်။ ဒါမှလည်း လွှတ်တော်ထဲမှာ အင်အားတောင့်မှာ"ဟု ဗိုလ်တစ်ထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက ပြောသည်။
လက်ရှိကျင်းပနေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၉နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုစားလှယ် ၉၊ ဦး အမျိုးသားလွှတော်ကိုယ်စားလှယ် ၃ ဦးနှင့် တိုင်းနှင့်ပြည်နယ်အတွက် ၆ ဦး စုစုပေါင်း၁၈ ဦးဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။