ပြည်၊ မတ် ၂၇ ။ ။ လက်ပံတောင်းတောင် ဒေသခံများကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ကာ ဖြိုခွဲခြင်းအပေါ် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့မှနိုင်ငံရေး နှင့် လူမှုရေးတက်ကြွလှုပ်ရှားသူ ၂၀ခန့်က မတ်လ ၂၇ ရက်တွင် ရှုံ့ချဆန္ဒပြခဲ့ကြသည်။
"ဟောဒီအစိုးရ ဝမ်ပေါင်ကိစ္စဖျက်သိမ်း မပေးမချင်း အလိုမရှိကြောင်း ကျနော်ဒီနေရာကနေ ကြေငြာလိုက်ပါတယ်"ဟု တရားလွှတ်တော် ရှေ့နေဟောင်း ဦးမြင့်အေးက ဆန္ဒပြပွဲတွင် ပြောသည်။
ဦးသိန်းစိန်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားခဲ့သည့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကိုလည်း ယခု အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသေးကြောင်း ဦးမြင့်အေးက ထောက်ပြသည်။
"အစိုးရက လုပ်မပေးနိုင်တာကို လုပ်မပေးနိုင်ဘူးလို့ပြောရမယ်။ အခုတော့ အစိုးရကလည်း လုပ်မပေးနိုင်တာကို လုပ်ပေးတော့မလို အစီရင်ခံစာတွေထွက် လယ်သမားတွေက အစီရင်ခံစာဖတ်ပြီးနှစ်သိမ့် နေရတယ်။ တကယ့် လက်တွေ့မှာဘာမှဖြစ်မလာဘူး"ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဝင်းလှိုင်က ပြောသည်။
ယခုအရေးကိစ္စတွင် အစိုးရက ပြည်သူလူထုဘက်မှ တာဝန်ယူ၊ တာဝန်ခံကာ ရပ်တည်ဖြေရှင်းပေးရန်လိုအပ်သည်ဟု ကိုဝင်းလှိုင်က ဟောပြောခဲ့သည်။
ဝမ်ပေါင်ကုမ္ပဏီ နှင့် ချုပ်ဆိုထားသော စာချုပ်ပါအချက်များကို အစိုးရက ပြည်သူလူထုကိုအသိပေးရန်လိုအပ်ပြီး ဒေသခံများ ထိခိုက်စေမည့် အချက်အလက်များပါရှိပါက ဖျက်သိမ်းရန်နှင့် နောက်ထပ်တိုးစာချုပ်များ မချုပ်ဆိုရန် လူမှုအဖွဲ့ဝင်တစ်ဦးဖြစ်သူ မဇင်မာဝင်းက ပြောသည်။
ထိုနေ့ နံနက် ၁၁နာရီတွင် ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်အနီး လူငယ့်ရိပ်မြံုရှေ့တွင် ဆန္ဒပြဟောပြောခဲ့ကြသည်။ ဆန္ဒပြသူများသည် "လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေး ဒို့အရေး၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်၊ ဦးပိုင် ဝမ်ပေါင် ကျဆုံးပါစေ စသည့် ကြွေးကြော်သံများ ကို ကြွေးကြော်ခဲ့သည်။