၀န်ထမ်းတွေအနေနဲ့ အစိုးရအပေါ် သစ္စာရှိဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

၀န်ထမ်းတွေအနေနဲ့ အစိုးရအပေါ် သစ္စာရှိဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော
ဓာတ်ပုံ - မင်းမင်း

ရန်ကုန် ၊ မတ် ၁၈ ။                  ။ နိုင်ငံဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲအပြီး တက်လာသည့် အစိုးရအပေါ် သစ္စာရှိရန် လိုသည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

"၀န်ထမ်းဆိုတာ (မိမိတို့က) ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရအတွက် လုပ်ရမှာဖြစ်ပါတယ်၊ ဒီမိုကရေစီနည်း အရဆိုလို့ရှိရင် ရွေးကောက်ပွဲတွေမှာ ကိုယ်ပေးချင်တဲ့သူကို မဲပေးလို့ရတယ် ၊ ကိုယ်ထောက်ခံချင်တဲ့ပါတီကို ထောက်ခံလို့ရတယ်။ သို့သော်ငြားလည်း ဒီရွေးကောက်ပွဲပြီးလို့ တက်လာတဲ့အစိုးရအပေါ်မှာ သစ္စာရှိရှိနဲ့ အလုပ်လုပ်ရမှာ ၀န်ထမ်းတိုင်းရဲ့ တာဝန်ပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ယမန်နေ့ ညက နေပြည်တော်၌ ပြုလုပ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာ နှစ် ရ၀ ပြည့်အခမ်းအနား ညစာစားပွဲတွင် လက်ရှိ နိုင်ငံခြားရေးဝန်ကြီး အဖြစ်တာဝန်ယူထားသည့် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ယင်းအပြင် ၀န်ထမ်းများအနေဖြင့် နိုင်ငံ့အပေါ် သစ္စာရှိပြီး ပြောသင့်ပြောထိုက် ၊ လုပ်သင့်လုပ်ထိုက်သော ကိစ္စများကိုပါ ပြောရဲ လုပ်ရဲရန် လိုအပ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

 မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနကို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် စတင်ဖွဲ့စည်းထားခဲ့ပြီး ပထမဆုံး နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ၀န်ကြီး သည် လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပတ်သက်ပြီး “နိုင်ငံခြားရေးဝန်ကြီးဌာနက ပိုက်ဆံမရှာနိုင်ဘူး၊ သူတို့က ဒီလိုပြောတယ်။ ပိုက်ဆံမရှာနိုင်တဲ့ဌာနမို့လို့ ပိုက်ဆံမပေးနိုင်ဘူး။ ဒါကြောင့်မို့လို့ ဖြတ်မယ်။ ကျွန်မက ပြောတယ်။ ကျွန်မတို့ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ စီးပွားကူးသန်းလိုပိုက်ဆံရှာ တဲ့ဌာနမဟုတ်ဘူး။ သို့သော်ငြားလည်း ဒီနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြှုုပ်နှံ ဖြစ်အောင်လို့၊ ဒီက စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ ဆက်သွယ်ချင်အောင်လို့ လုပ်ပေးရာမှာ ကျွန်မတို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အင်မတန်မှ အရေးပါပါတယ်” ဟု ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly