မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် ၅ရက်သာ သတ်မှတ်ရန် သုံးသပ်နေ

မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် ၅ရက်သာ သတ်မှတ်ရန် သုံးသပ်နေ
၂၀၁၇ခုနှစ်ထုတ် ပြက္ခဒိန်တွင်မူ ဧပြီလ ၁၂ရက်မှ ၂၁ရက်ထိ စုစုပေါင်း ၁၀ရက်ကို နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။
 

နေပြည်တော်(မတ်လ ၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ လာမည့် မဟာသင်္ကြန် နှစ်သစ်ကူးရုံးပိတ်ရက်အား သင်္ကြန်အကြိုနေ့မှစပြီး နှစ်ဆန်းတစ်ရက်နေ့အထိ ၅ရက်သာ သတ်မှတ်မည်ဆိုပါက ထိခိုက်နစ်နာမှုနှင့် အဆင်ပြေမှု ရှိ၊ မရှိ အကြောင်ပြန်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပြည်ထောင်စုဝန်ကြီးဌာနအားလုံးထံ မတ်လ ၈ရက် ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့လိုက်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အကြောင်းကြားစာတွင် “နှစ်သစ်ကူးရုံးပိတ်ရက်များအား မဟာသင်္ကြန်အကြိုနေ့ မတိုင်မီ တစ်ရက်မှစ၍ ၁၀ရက်တိတိ သတ်မှတ်ခဲ့သည့်အတွက် ရက်ရှည်ကာလ ရုံးပိတ်ရက်နှင့် ဘဏ်ပိတ်ရက်ရှည် ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများ အခက်အခဲများ ဖြစ်ပေါ်လာနိုင်ခြင်းနှင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာခြင်း ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါသည်” ဟု ရေးသားထားသည်။

ထို့ကြောင့် သင်္ကြန်အကြိုနေ့မှစပြီး နှစ်ဆန်းတစ်ရက်နေ့အထိ ၅ရက်သာ နှစ်သစ်ကူး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး ကျန်ရှိသည့် ရုံးပိတ်ရက် ၅ရက်အား သီတင်းကျွတ်ရုံးပိတ်ရက်များ၊ တန်ဆောင်တိုင်ရုံးပိတ်ရက်များနှင့် နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်များတွင် အစားထိုးဖြည့်တင်း၍ ဆောင်ရွက်မည်ဆိုပါက ထိခိုက်နစ်နာမှုနှင့် အဆင်ပြေမှု ရှိ၊ မရှိ စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ မတ်လ ၉ရက်၊ ညနေ ၃နာရီတွင် ပြန်လည်ပေးပို့ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားရေးမှူးချုပ် ဇော်သန်းသင်းက လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုဝန်ကြီးဌာနများသို့ အကြောင်းကြားစာ ပေးပို့လိုက်ခြင်းဖြစ်သည်။

ထိုသို့ ပိတ်ရက်လျှော့ရန်မှာ သုံးသပ်နေဆဲသာဖြစ်ပြီး တရားဝင်ကြေငြာမှသာ အတည်ဖြစ်မည်ဟု သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောသည်။

“အဓိက အချက်က ရုံးပိတ်ရက် ရှည်တဲ့အတွက် ဘဏ်ပိတ်ရက်များတာ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေဖြစ်တာ စတဲ့ အဆင်မပြေမှုတွေကြောင့် ပိတ်ရက် လျှော့ဖို့ သုံးသပ်နေပါတယ်။ ခုလောလောဆယ် ပိတ်ရက်လျှော့ခြင်းကြောင့် ဌာနဆိုင်ရာတွေက ဘာအဆင်မပြေဖြစ်နိုင်မလဲ။ သဘောထားမေးထားတုန်း ရှိပါသေးတယ်။ တရားဝင်ကြေငြာမှသာ အတည်ဖြစ်ပါမယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly