မတ် ၃ ။ ။ ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုဖြစ်စဉ်နှင့် စပ်လျင်း၍ မြောက်ကိုရီးယားလေကြောင်းလိုင်းမှ ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးရန် မလေးရှားရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ပြန်လိုက်သည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ဖအေတူ မအေကွဲ အစ်ကို ကင်မ်ဂျုံနမ် ကွာလာလမ်ပူလေဆိပ်တွင် ဓာတုအဆိပ်ဖြင့် တိုက်ခိုက်လုပ်ကြံခံခဲ့ရသည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှု သံသယဖြင့် အဆိုပါ လေကြောင်းလိုင်း အမှုထမ်းတစ်ဦးကို ရဲတပ်ဖွဲ့ စုံစမ်းစစ်မေးသွားရန် စီစဉ်နေခြင်းဖြစ်သည်။
ယင်းမတိုင်မီကမူ လုပ်ကြံမှုဖြစ်စဉ်တွင် ပါဝင်ထားခဲ့မှုသံသယဖြင့် ထိန်းသိမ်းထားသော မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးကို သက်သေအထောက်အထား မခိုင်လုံ၍ ပြန်လွှတ်ပေးခဲ့ရပြီးနောက် နာရီပိုင်းအကြာ ယခုကဲ့သို့ လေကြောင်းလိုင်း အမှုထမ်းကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးရန် စီစဉ်လာခြင်းလည်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ယင်းဖြစ်စဉ်နှင့်စပ်လျင်း၍ ကွာလာလမ်ပူရှိ မြောက်ကိုရီးယားသံရုံးမှ ဒုတိယအတွင်းဝန်တစ်ဦးကိုလည်း စုံစမ်းမေးမြန်းလိုနေပြီး ၎င်းနှင့်တွေ့ဆုံခွင့်ရရန် မလေးရှားဘက်က တောင်းဆိုထားကြောင်းလည်း သိရသည်။