ရန်ကုန်၊ မတ် ၂ ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧပြီလမှ စတင်ပြီး မီတာခ ၃ ဆ နီးပါးခန့် တိုးမြှင့်ကောက်ခံမည်ဟု ဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။
"ဝန်ကြီးချုပ်ပြောပုံအရဆိုရင် ကိုယ်စားလှယ်တွေကနေ ပြည်သူတွေ နားလည်အောင် ရှင်းပြပါ။ ရှေ့လာမယ့်နှစ် ဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်နေ့က စပြီး တိုးကောက်သွားမယ်သဘောပေါ့" ဟု ဦးကျော်ဇေယျက ဆိုသည်။
ယနေ့ မတ်လ ၂ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆောင်မှာလုပ်ခဲ့သည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံစဉ်မှာ ဝန်ကြီးချုပ်က ပြောခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်း လျှပ်စစ်မီးကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရ က ကိုင်တွယ်ဖြေရှင်းနေကာ မီတာခ တစ်ယူနစ်လျှင် ၃၅ ကျပ် ကောက်ခံနေပြီး တိုးမြှင့်ကောက်ခံပါက ကျပ်ငွေ ၁၀၀ ကျော်အထိ ဖြစ်လာမည်ဖြစ်သည်။
မီတာခဈေးနှုန်းများ တက်နိုင်ဖွယ် ရှိနေပေမယ့် ညှိနှိုင်းသွားဖွယ် ရှိနေသည်ဟုလည်း ယနေ့ ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် ပန်းဘဲတန်းမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုသည်။
"တက်တော့တက်မယ်။ ညှိနှိုင်းရဦးမှာ၊ လိုသလောက်သုံးမယ် ကျသလောက်ရှင်း ပုံစံမျိုး ဖြစ်ဖို့များတယ်"ဟု ၎င်းက ဆိုသည်။