ရန်ကုန်၊ဖေဖော်ဝါရီ ၆ ။ ။ ရန်ကုန်အမှိုက်သိမ်းစနစ်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံလွှဲပြောင်းပေးလျှင် ပိုကောင်းမွန်မည်ဖြစ်ပြီး ယခုအစိုးရလက်ထက်တွင် ပုဂ္ဂလိကစနစ်အဖြစ်ပြောင်းလဲသွားရန် ကြိုးစားသွားမည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်မြို့၊ UMFCCI တွင် ယနေ့(ဖေဖော်ဝါရီလ ၆ ရက်)တွင် ပြုလုပ်သည့် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ ဘေးကင်းလုံခြုံရေးနင့်ပတ်သက်၍ မူဝါဒဆိုင်ရာဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော်ဝန်က ပြောသွားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်အစိုးရလက်ထက် အမှိုက်သိမ်းစနစ်ကို ပုဂ္ဂလိကလွှဲပြောင်းရန် ကုမ္ပဏီများကို တင်ဒါခေါ်ခဲ့သော်လည်း အဆိုပါအစီအစဉ်ကို ရန်ကုန်ဒေသခံအများစုက ကန့်ကွက်ခဲ့သောကြောင့် အကောင်အထည်မပေါ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ရန်ကုန်မြို့တွင် အမှိုက်သိမ်းယာဉ် ၃၅၀ ကျော်ရှိနေပြီး ၄၀၀ ကျော် ရှိရန် လိုအပ်နေသည်ဟု စည်ပင်သာယာရေးကော်မတီသန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရန်ကုန်မြို့၏ တစ်မြို့လုံး အတိုင်းအတာဖြင့် နေ့စဉ် အမှိုက်တန် ၂၅၀၀ ကျော် ထွက်ရှိနေပြီး လူတစ်ယောက်လျှင် ပျမ်းမျှ တစ်နေ့ ဝ.၄ကီလိုဂရမ် နှုန်း အမှိုက်စွန့်ပစ်လျှက်ရှိသည်။