ဘိုလီဗီးယားတွင် သမ္မတကို ဂုဏ်ပြုသည့်အနေဖြင့် ဒေါ်လာ ရ သန်းတန် ပြတိုက် ဖွင့်လှစ်

ဘိုလီဗီးယားတွင် သမ္မတကို ဂုဏ်ပြုသည့်အနေဖြင့် ဒေါ်လာ ရ သန်းတန် ပြတိုက် ဖွင့်လှစ်

ဖေဖော်ဝါရီ ၃ ။              ။ ဘိုလီဗီးယားသမ္မတ Evo Morales ကို ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် ဒေါ်လာ ၇ သန်းကုန်ကျသည့် ပြတိုက်တစ်ခု ဖွင့်လှစ်ခဲ့ကြောင်း သတင်းတစ်ရပ်တွင်   ဖော်ပြထားသည်။ ယခုပြတိုက်ကို သမ္မတ Morales ၏ မွေးရပ်မြို့ Orinoca တွင် ဖေဖော်ဝါရီလ ၂ ရက်က ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၀၆ ခုနှစ်က နိုင်ငံ၏ပထမဆုံးသော တိုင်းရင်းသားသမ္မတ ဖြစ်လာခဲ့သည့် Morales အနေဖြင့် ၎င်းအာဏာစတင်ရရချင်းမှာပင် ယင်းပြတိုက်ကို တည်ဆောက်ရန် အမိန့်ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။ ၎င်းရရှိထားသည့် လက်ဆောင်ပဏ္ဍာများ၊ ဓါတ်ပုံများ၊ ဗီဒီယိုများ နှင့် ရှေ့ဟောင်း အမွေအနှစ်လက်ရာပစ္စည်းများကို တစ်စုတစ်ဝေးတည်း ထားရှိပြသထားရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။

" ဒီမြို့လေးမှာ ကျွန်တော် ကြီးပြင်းခဲ့ရတာပါ၊ ကျွန်တော့်ကို ခုလိုမွေးဖွားပေးလိုက်တဲ့ ဒီမြို့လေးကို ကျေးဇူးတင်တယ်လို့ ပြောလိုပါတယ်၊ ကျွန်တော် ဒီ့ထက်အလုပ်တွေ ဆက်လုပ်သွားပါဦးမယ်" ဟု သမ္မတက ယင်း ပြတိုက်ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်အမှာစကားပြောကြားသွားသည်။

ဘိုလီဗီးယား ဝန်ကြီးတစ်ဦး၏ အဆိုအရ လက်တင်အမေရိကတွင် အကြီးဆုံးနှင့် ခေတ်နှင့်လိုက်လျောညီထွေမှုအရှိဆုံး ယခုပြတိုက်တွင် သမ္မတ Morales ၏ အောင်မြင်မှုသမိုင်းကြောင်းများကို တွေ့မြင်ရမည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ယခုကဲ့သို့ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံကာ ပြတိုက်တည်ဆောက်ခဲ့မှုအပေါ် အစိုးရဝေဖန်သူများက ငွေဖြုန်းတီးမှုတစ်ခုဟု ပြစ်တင်ဝေဖန်သွားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly