အကြီးမားဆုံး လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်နေသော်လည်း ရပ်တည်ချက်ပြောင်းလဲမည် မဟုတ်ဟု ရိုမေးနီးယားဝန်ကြီးချုပ် ပြော

အကြီးမားဆုံး လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်နေသော်လည်း ရပ်တည်ချက်ပြောင်းလဲမည် မဟုတ်ဟု ရိုမေးနီးယားဝန်ကြီးချုပ် ပြော

ဖေဖော်ဝါရီ ၃ ။                       ။ နိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်လာနေသော်လည်း အစိုးရ၏ ရပ်တည်ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ တစ်စုံတစ်ရာ   ပြောင်းလဲသွားမည် မဟုတ်ကြောင်း ရိုမေးနီးယား ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၂ ရက်တွင် အခိုင်အမာ ထုတ်ဖော်ပြောဆိုလိုက်သည်။

အဆိုပါနိုင်ငံတွင် အကျင့်ပျက်အစိုးရဝန်ထမ်းများအပေါ် ပြစ်ဒဏ်ချမှတ်မှုများ လျှော့ချပယ်ဖျက်ပေးနိုင်သည့် ပြဌာန်းချက်များပါ အမိန့်ဒီဂရီ တစ်ရပ်ကို အစိုးရက ထုတ်ပြန်လိုက်ပြီးနောက် လူထု၏ ဆန့်ကျင်ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။ အဆိုပါ အမိန့်ဒီဂရီကြောင့်လည်း ယင်းနိုင်ငံတွင် ကွန်မြူနစ် စနစ်ကျဆုံးသွားပြီးနောက်ပိုင်း အကြီးမားဆုံးသော လူထုဆန္ဒပြပွဲများ   ပေါ်ပေါက်လာခဲ့ရသည်။

သို့သော်လည်း ယင်းကဲ့သို့ ပြည်သူလူထု၏ ကန့်ကွက်မှုများ ရှိနေသော်ငြားလည်း မိမိတို့ အစိုးရ၏ ရပ်တည်ချက် ပြောင်းလဲစရာမရှိကြောင်း ဝန်ကြီးချုပ် ဆိုရင် ဂရင်ဒီနူးက ပြောဆိုလိုက်သည်။

" ဒါက အစိုးရအဖွဲ့က ချတဲ့ ဆုံးဖြတ်ချက်ပါ၊ ဒါကို ဒီတိုင်းပဲ ကျွန်တော်တို့ ဆက်လုပ်သွားမှာပါ" ဆိုပြီး ဝန်ကြီးချုပ်က မြို့တော် ဘူခါရက်စ်ရှိ အစည်းအဝေးတစ်ခုအပြီး ထုတ်ဖော်ပြောကြားသွားသည်။

ယင်းနိုင်ငံတွင် ယခုအခါ အစိုးရ၏ဆုံးဖြတ်ချက်အပေါ် မကျေနပ်၍ ဆန့်ကျင်ဆန္ဒပြသူဦးရေ စုစုပေါင်း သုံးသိန်းကျော် ရှိနေသည်ဟု သိရပြီး ၎င်းတို့မှာ မြို့တော် ဘူခါရက်စ်အပြင် အခြားမြို့အသီးသီးရှိ လမ်းများပေါ်သို့ ချီတက်ဆန္ဒပြနေလျက်ရှိကာ "သူခိုးတွေ၊ ဆင်းသွားကြစမ်း" ဟု အော်ဟစ်ဆန္ဒပြနေခဲ့ကြကြောင်း သိရသည်။

အခြားသတင်းတစ်ရပ်အရမူ ယင်းကဲ့သိ့ု လူထု ဆန္ဒပြမှုများ ပေါ်ပေါက်လာနေပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းများအတွင်း လက်ရှိ အစိုးရအဖွဲ့ဝင် ကုန်သွယ်ရေးဝန်ကြီးဖြစ်သူမှာ ရာထူးမှ နှုတ်ထွက်သွားခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly