သင်္ကြန်အားလပ်ရက်အတွက် Myanmar International Travel Mart 2017 ကျင်းပမည်

သင်္ကြန်အားလပ်ရက်အတွက် Myanmar International Travel Mart 2017 ကျင်းပမည်

သြင်္ကန်အားလပ်ရက် ပြည်တွင်း၊ ပြည်ပခရီးစဉ်များအတွက် အထူးရောင်းချပေးမည့် Myanmar International Travel Mart 2017 ကို ကျင်းပသွားမည်ဖြစ်သည်ဟု သိရသည်။

လာမည့် ဖေဖော်ဝါရီလ ၁၁၊ ၁၂ ရက်နေ့တို့တွင် Rose Garden Hotel မှာ ကျင်းပသွားမည်ဖြစ်ပြီး လိုင်စင်ရခရီးသွားကုမ္ပဏီများ၊ ပြည်တွင်း၊ပြည်ပ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ပြည်ပဆေးရုံများ၊ ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်သည့် ကုမ္ပဏီများ၊ ဘဏ်များ၊ Telecom များ၊ ပို့ဆောင်ရေးလုပ်ငန်းများမှ ပြခန်းပေါင်း (၇၀)ခန့်ဖြင့် ခင်းကျင်းပြသမည်ဖြစ်သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှအမှုဆောင် ဦးလင်းဇော်ဝေမန်းက အေးဂျင့်တွေကို သုံးစေချင်ကြောင်း ပြောသည်။

“တစ်နေရာတည်းမှာပဲ Package ဝယ်မှာသွားလို့ရအောင် စီစဉ်ထားတယ်။ ပြတဲ့အေးဂျင့် (၇၀) က ပြည်ပခရီးသွားလုပ်ငန်းလိုင်စင် ရှိတယ်။ ခရီးသွားသူတွေကိုလည်း တာဝန်ယူမှုအပြည့်ရှိတဲ့   အေးဂျင့်တွေကို သုံးစေချင်တယ်။ နိုင်ငံခြားသွားလည်မယ်ဆိုရင် ဒီနိုင်ငံကို ကျွမ်းကျင်တဲ့ တိုးအော်ပရေတာနဲ့ဝယ်ပြီးတော့ သွားခြင်းအားဖြင့် ကိုယ့်ခရီးစဉ်ကို အဆင်ပြေစေတယ်။ မသွားခင်မှာ ကိုယ်သိသင့်တဲ့အချက်အလက်အ ကုန်လုံးရမယ်။ သွားတဲ့အချိန်မှာလည်း အဆင်ပြေပြေရှိမယ်” ဟု ဦးလင်းဇော်ဝေမန်းက ပြောသည်။

Myanmar International Travel Mart 2017 တွင် AGD ဘဏ်၏ MPU Union Pay Co-Brand Debit Card မိတ်ဆက်ခြင်း၊ နိုင်ငံတကာနှင့်ပြည်တွင်းအေးဂျင့်များအား တွေ့ဆုံပေးသည့် Business Matching ကိုလည်းထည့်သွင်းပြုလုပ်သွားမည်ဖြစ်သည်။

ပြည်ပခရီးစဉ်များသာမက ပြည်တွင်းခရီးစဉ်များပါ အဆိုပါ ပရိုမိုးရှင်းတွင် ပါဝင်ကြောင်း သိရသည်။

“နိုင်ငံတွင်း ခရီးစဉ်တွေလည်းရောင်းပါမယ်။ အထူးသဖြင့် မြိတ်ကျွန်းစုခရီးစဉ်တို့၊ ကော့သောင်း-ရနောင်းခရီးစဉ်တို့နဲ့ တစ်ခြားခရီးစဉ်အချို့တို့လည်းရောင်းကြမှာပါ။ ရိုးရိုးအချိန်ဝယ်တာထက် ဒီပွဲမှာဝယ်ရင် ပိုသက်သာမည်။ ပါဆန်းတိတ်က အေးဂျင့်တွေပေါ်မှာမှုတည်ပါတယ်” ဟု ဦးလင်းဇော်ဝေမန်းက ပြောသည်။

အဆိုပါပွဲ ကျင်းပမည့်အကြောင်းကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဇန်နဝါရီလ ၃၁ ရက်၊ UMFCCI ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly