ရာသီဥတုပြောင်းလဲမှုအကြောင်း ရုပ်ရှင်ထုတ်လုပ်ရန် အသေးစားထောက်ပံ့ကြေးပေးသွားမည်

ရာသီဥတုပြောင်းလဲမှုအကြောင်း ရုပ်ရှင်ထုတ်လုပ်ရန် အသေးစားထောက်ပံ့ကြေးပေးသွားမည်

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ။          ။ ပထမဆုံးအကြိမ်ပြုလုပ်သည့် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရုပ်ရှင်ပွဲတော်မှ မှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူများကို ဆုငွေဒေါ်လာ ၁၀၀၀ မှ ၂၀၀၀ အထိချီးမြှင့်ပေးသွားမည် ဟုသိရပါသည်။

"ကျွန်မတို့ လူငယ်ရုပ်ရှင်ရိုက်ကူးရေးသမားတွေကို ဖိတ်ပြီး သူတို့သိအောင် အဲဒီအကြောင်းပြောပြ ပြီးတော့ သူတို့ဘယ်လိုဇာတ်လမ်းမျိုး ရိုက်ချင်လဲဆွေးနွေးမယ်။ သူတို့ဇာတ်လမ်းတွေ အရွေးခံရရင် ဇာတ်ညွှန်းထောက်ပံ့ကြေး ရရှိပါမယ်။ ဆုတွေကတော့ ဒေါ်လာ ၁၅၀၀ နှစ်ဆု ပေးပါမယ်။ ရုပ်ရှင်ဇာတ်လမ်းတွေက မြန်မာနိုင်ငံကလူတွေကို ရာသီဥတုပြောင်းလဲမှုအကြောင်း အသိပညာပေးဖို့ အားကောင်းတဲ့နည်းလမ်းပါ" ဟု Goethe-Institute မှ Teresa Knoeferl က ပြောသည်။

အဆိုပါရုပ်ရှင်ပွဲတော်နှင့်ပတ်သက်ပြီး အလုပ်ရုံဆွေနွေးပွဲတစ်ရပ်ကို ရန်ကုန်ရုပ်ရှင်ကျောင်းမှာ ဇန်နဝါရီ ၃၀ ရက်၊ မနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ထိုအလုပ်ရုံဆွေးနွေးပွဲတွင် မှတ်တမ်းရုပ်ရှင်ထုတ်လုပ်မည့်သူများနှင့် Myanmar Climate Change Alliance မှ တာဝန်ရှိသူများက ရာသီဥတုအပြောင်းအလဲများ၊ ရိုက်ကူးရမည့်ပုံစံများနှင့် ရှုထောင့်များ ကို ဆွေးနွေးခဲ့ကြသည်။

ထုတ်လုပ်သူများက ရိုက်ကူးမည့်အကြောင်းအရာများကို မတ်လ နောက်ဆုံးထား တွင်ဆွေးနွေးတင်ပြရမည်ဟု Myanmar Climate Change Alliance မှ Pasquale ထံမှသိရသည်။

"အခုကျွန်တော်တို့ လုပ်နေတာက ရုပ်ရှင်ရိုက်ကူးရေးသမားတွေကို ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ရုပ်ရှင်ထုတ်လုပ်နိုင်ဖို့ အသေးစားထောက်ပံ့ကြေးပေးသွားဖို့ပါ။ မြန်မာနိုင်ငံမှာဆိုရင် ကဏ္ဍစုံကရုပ်ရှင်ရိုက်ကူးရေးသမားအစုံအလင်ရှိတယ်။ သူတို့ရဲ့ရှုထောင့်ကနေ စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်ရှင်တွေရိုက်လို့ရတယ်။ အဲ့ဒါကြောင့် ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင်တို့ ရိုက်ကူးဖို့ အခွင့်အရေးပေးချင်တယ်"ဟု Pasquale ပြောသည်။

ထိုရုပ်ရှင်ပွဲတော်တွင် စုစုပေါင်း ဆု ၇ ဆု ချီးမြှင့်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုနှင့် အရှေ့တောင်အာရှနှင့် အိမ်နီးချင်းနိုင်ငံများမှ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုများပါဝင်မည်ဟု သိရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly