တက္ကသိုလ်တစ်ခုတွင် ပြသထားသော၊ တရုတ်ဂန္ထဝင် ပန်းချီဆရာများ၏ ပန်းချီကား ၁၄၀ ကျော်ကို ခိုးယူကာ သူကိုယ်တိုင်ရေးဆွဲ ထားသော ပန်းချီကား အတုများဖြင့် အစားထိုးခဲ့ကြောင်း တရုတ်နိုင်ငံမှ ပန်းချီဆရာတစ်ဦးက ဝန်ခံခဲ့သည်။
တရုတ်နိုင်ငံတောင်ပိုင်းရှိ Guangzhou Academy of Fine Arts တက္ကသိုလ် ပန်းချီပြခန်းမှူး Xiao Yuan သည် ခိုးယူထားသော ပန်းချီကား ၁၂၅ ကား ကို ယွမ်ငွေ ၃၄ သန်းကျော် (ဒေါ်လာ ၆ သန်း) ဖြင့် ရောင်းချနိုင်ခဲ့သည်။
သို့ရာတွင် သူ ထိုပြခန်း၌ စတင်အလုပ်ဝင်ခဲ့စဉ်ကတည်းက ထိုပြခန်းတွင် ပန်းချီကားအတု အချို့ ရှိနေနှင့်ပြီးသားဖြစ်ကြောင်း လည်း တရားရုံးတွင် သူက ခုခံပြောဆိုခဲ့သည်။
သူ၏ အမှှုအတွက် ပြစ်ဒဏ်ကို Guangzhou ပြည်သူ့ တရားရုံးက နောက်ပိုင်းတွင် ချမှတ်မည် ဖြစ်သည်။
ဂန္ထဝင် ပန်းချီလက်ရာအချို့ကို သူ၏ ကော်ပီပန်းချီကားများဖြင့် အစားထိုးပြီး နောက်ပိုင်းတွင်လည်း၊ အချို့က သူ၏ ပန်းချီကား အတုများကို အစစ်ထင်မှတ်ကာ ထိုအတုများကို ၎င်းတို့၏ ကိုယ်ပိုင်အတုများဖြင့် အစားထိုးကာ ထပ်ဆင့် ခိုးယူခဲ့ကြကြောင်းတွေ့ ရှိခဲ့ရသဖြင့်လည်း အံ့သြမိကြောင်း Xiao Yuan က တရားရုံးတွင် ထွက်ဆိုခဲ့သည်။
ကော်ပီပန်းချီကားများကို အစစ်ထင်မှတ်ကာ ထပ်ဆင့် ခိုးယူခဲ့ကြသူများမှာ မည်သူများ ဖြစ်ကြသည်ကိုမူ သူ မသိကြောင်းနှင့်ကျောင်းသားများနှင့် ပါမောက္ခများသည် စာကြည့်တိုက်မှ စာအုပ်ငှားသည့် ပုံစံမျိုးဖြင့် ပန်းချီကားများကို ယူဆောင်သွားကြခြင်း ဖြစ်ဖွယ်ရှိကြောင်း သူက ပြောသည်။
Ref: BBC