ဇန်နဝါရီ ၁၂ ။ ။ ယမန်နှစ် ၂၀၁၆ ခုနှစ်အတွင်း ဂျာမနီနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်မှုပိုင်းတွင် သိသိသာသာ လျော့ကျသွားခဲ့ခြင်းက ယခုနှစ်ရွေးကောက်ပွဲ မတိုင်မီ ဝေဖန်ခံနေရသော ဂျာမနီဝန်ကြီးချုပ် အိန်ဂျယ်လာ မာကယ်လ်ကို အသက်ရှုချောင်သွားစေခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရွှေ့ပြောင်းဝင်ရောက်မှု စံချိန်တင်မြင့်တက်ထားခဲ့သည့် ၂၀၁၅ ခုနှစ် နှင့် နှိုင်းစာပါက ၂၀၁၆ တွင် သုံးပုံ ပုံ နှစ်ပုံအထိ လျော့ကျသွားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် မာကယ်လ်အနေဖြင့် ၂၀၁၅ ခုနှစ်က သူမ၏ တံခါးဖွင့် မူဝါဒကို ကျင့်သုံးခြင်းဖြင့် ဥရောပ၏ အကြီးဆုံး စီးပွားရေး အင်အားကြီးနိုင်ငံတွင်းသို့ ဆီးရီးယားဒုက္ခသည်များ အပါအဝင် ရွှေ့ပြောင်း ၈၉၀,၀၀၀ ခန့်ကို ဝင်ရောက်ခွင့်ပေးခဲ့ခြင်းအတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသူဖြစ်သည်။
သို့သော် ယမန်နှစ် ကိန်းဂဏာန်းများအရ ရွှေ့ပြောင်းဝင်ရောက်မှုမှာ တစ်နှစ်တာအတွင်း ၂၈၀,၀၀၀ ထိ ကျဆင်းသွားခဲ့သည်ဟုလည်း သိရသည်။
" ဒီ ရွှေ့ပြောင်းတွေရဲ့ လက်ရှိ ဖြစ်နေတဲ့ အခြေအနေကို ကျွန်တော်တို့ ထိန်းသိမ်းလိုက်နိုင်ပါပြီ" ဟု ဂျာမနီ ပြည်ထဲရေးဝန်ကြီး သောမက်စ် ဒီ မိုက်ဇီရာရီက ပြောသည်။
အလားတူ ဂျာမနီအစိုးရနှင့် ဥရောပသမဂ္ဂတို့ အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း၏ အကျိုးကြောင့် ယခုကဲ့သို့ ရွှေ့ပြောင်းအဝင် ကျဆင်းမှုကို မြင်တွေ့ခဲ့ရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသွားသည်။