သံတွဲ (Myanmar Now) ။ ။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများကို ထိတွေ့ကူညီထောက်ပံ့ပြီး နည်းပညာဝန်ဆောင်မှုပေးနေသော သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ရှိသင့်သည့် ဝန်ထမ်းအရေအတွက်၏ သုံးပုံတစ်ပုံသာရှိနေကြောင်း ဌာနမန်နေဂျာ ဦးတင်ဝင်းမောင်က ကြာသပတေးနေ့တွင် ပြောသည်။
သံတွဲမြို့နယ်တွင် စိုက်ပျိုးရေးဝန်ထမ်း၁၄ ဦးရှိနေပြီး ဖွဲ့စည်းပုံအရဆိုလျှင် ၄၂ ဦးရှိရမည်ဖြစ်သည်။ သို့သော်လည်း ဦးတင်ဝင်းမောင်က များစွာ မျှော်လင့်မထားပေ။
"နောက်ထပ် ၃ ယောက်လောက် ထပ်ရမယ်ဆို လုပ်ရကိုင်ရ အဆင်ပြေမှာပါ" ဟုသူကပြောသည်။
လိုအပ်သည့် ဝန်ထမ်းအင်အားအတွက် အထက်ကို တင်ပြထားရာ အလုပ်လျှောက်သူရှိလာပါက ဖြည့်ဆည်းပေးမည်ဟူသော အကြောင်းပြန်ကြားချက် ရထားသည်ဟ ုဆိုသည်။
စိုက်ပျိုးရေးဦးစီးဌာနတွင် ဝန်ထမ်းအင်အား မလုံလောက်ခြင်းကြောင့် ကျေးရွာအားလုံးသို့ သွားရောက်နိုင်ခြင်း မရှိကြောင်း၊ ကျေးရွာစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်သာ သွားရောက်၍ အသိပညာပေး ဟောပြောပွဲပြုလုပ်နိုင်သည်ဟု ဦးတင်ဝင်းမောင်က ပြောသည်။
ကိုယ်တိုင် ဦးစီးပြီး ပညာပေးခြင်း ဟောပြောခြင်းများကို ကျေးလက်ဒေသအထိ ပြုလုပ်ပေးနေကြောင်း သူက ပြောသည်။
သံတွဲမြို့နယ်၊ ကင်းသေကျွန်းကျေးရွာအနီး စပါးရိတ်နေသော အမျိုးသမီးတစ်ဦး (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)
မျိုးစေ့ အထောက်အပံ့
ရခိုင်ကမ်းရိုးတန်းဒေသတွင် ဆန်စပါးစိုက်ပျိုးခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များ ရှိနေသည်ဟု နိုင်ငံတကာ စီမံကိန်းတစ်ခုဖြစ်သည့် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (LIFT) ၏ ၂ဝ၁၅ နှစ်ပတ်လည် အစီရင်ခံစာတွင် ထောက်ပြထားသည်။
"ဆန်စပါးသည် ရခိုင်ဒေသ၏ ပင်မသီးနှံ ဖြစ်သော်လည်း အထွက်နှုန်းနည်းပြီး အရည်အသွေးညံ့သည်။ ဆားငန်ရေတိုးဝင်ခြင်း၊ စိုက်ပျိုးနည်းမထိရောက်ခြင်း၊ ရိတ်သိမ်းချိန်လွန် နည်းနာများနှင့် ကိရိယာများ ညံ့ဖျင်းခြင်းတို့ကြောင့် ဖြစ်သည်" ဟုကုလသမဂ္ဂအဖွဲ့က ကြီးကြပ်သည့် LIFT အဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးဝင်းနိုင်ကလည်း အစိုးရအနေဖြင့် အရည်အသွေးပြည့်ဝသည့် သီးနှံများထွက်ရှိရန်အတွက် ဆောင်ရွက်စရာများစွာ ရှိနေသည်ဟု တိုက်တွန်းလိုက်သည်။
“မျိုးကောင်းမျိုးသန် ့တွေတောင်သူကို လုံလုံလောက်လောက် ပံ့ပိုးပေးသင့်တယ်။ ဒါမှလည်း စျေးကွက်မှီတဲ့၊ အရည်သွေးမှီတဲ့ သီးနှံတွေကိုရရှိမှာပါ" ဟုသံတွဲမြို ့နယ် မဲဆန္ဒနယ် ၁ မှ ဦးဝင်းနိုင်ကပြောသည်။
စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသောကြောင့် အစိုးရက အရင်းအနှီးထောက်ပံ့ခြင်း၊ စျေးကွက်ရှာဖွေခြင်းများအတွက်လည်း ပိုမိုဆောင်ရွက်သင့်သည်ဟ ုသူက ဆက်ပြောသည်။
“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာမှ တိုင်းပြည်အကျိုးဖြစ်ထွန်းမယ်ဆိုတာ မဟုတ်ပါဘူး။ ကိုယ်နိုင်ငံထဲမှာလည်း တိုင်းနယ် ၊ ပြည်နယ် အသီးသီးက မွေးမြူရေးထုတ်ကုန်တွေ ၊ စိုက်ပျိုးရေးထုတ်ကုန်တွေကို တိုးတက်အောင် ထုတ်ပေးနိုင်မယ်။ အဲဒီလိုထုတ်ကုန်တွေကိုလည်း ဝယ်ယူမယ့် စျေးကွက်တေ ွများများ ဖန်တီးပေးဖို့ လိုပါတယ်” ဟုဦးဝင်းနိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သံတွဲခရိုင်ရုံးတွင် တွေ့ဆုံစဉ် ပြောပြသည်။
သံတွဲရှိ စိုက်ပျိုးရေးသမား တချို့က စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များကို အားမရကြောင်း ဝေဖန်ကြသည်။
ထိုဝေဖန်ချက်နှင့် ပတ်သက်ပြီး မြို့နယ် မန်နေဂျာဦးတင်ဝင်းမောင်က တုန့်ပြန်ခြင်းမပြုဘဲ စိုက်ပျိုးရေးဌာနတွင် စံပြစိုက်ကွင်းများရှိကြောင်း၊ မျိုးစေ့နှင့် ဓာတ်မြေသြဇာများ ပံ့ပိုးပေးခြင်းများကို ပြုလုပ်လျက်ရှိကြောင်း ပြောသည်။
"မျိုးကောင်းမျိုးသန့် လိုအပ်မှုအတွက် နှစ်စဉ်မျိုး စပါးတင်းတစ်ထောင်စီ ဖြန့်ပါတယ်။ ၁၅ ရွာ ၁၆ ရွာလောက်ကို ဖြန့်ပါတယ်" ဟုမန်နေဂျာက ရှင်းပြသည်။
“ကျွန်တော်တို ့အနေနဲ ့စံပြစိုက်ကွင်းတွေ စိုက်ပျိုးနေတယ်။ ဘာကြောင့် အဲ့ဒါတွေ လုပ်တာလဲဆိုတော့ အဲဒီစံပြစိုက်ကွင်းတေ ွအောင်မြင်တာကိုကြည့်ပြီး ပြည်သူတွေ လိုက်လုပ်ချင်လာအောင်ပါ။ ကျွန်တော်တို့ ပြောတာကို လိုက်လုပ်လို ့ပြောရင် လယ်သမားတွေက သိပ်မလုပ်ချင်တာကိုတွေ ့ရတယ်။ အဲ့ဒါကြောင့် ဒီနည်းအတိုင်း လုပ်တာပါ”
သံတွဲမြို့နယ်၊ ကင်းသေကျွန်းကျေးရွာအနီး တွေ့ရသော လယ်ပိုင်ရှင်တစ်ဦးနှင့် သူ၏ မြေးငယ် (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)
သင်တန်း
စိုက်ပျိုးရေးလုပ်ငန်းအောင်မြင်ရေးအတွက် နည်းပညာ၊ အသိပညာ ပြန့်ပွားရေးကလည်း အရေးပါသော အချက်ဖြစ်သည်။
သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက၂ဝ၁၂ ခုနှစ်မှ စတင်ပြီးသံတွဲမြို့နယ်အတွင်း ပညာပေးသင်တန်းများ ပြုလုပ်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသမားများ သိလိုသည်တို့က ုိဆွေးနွေးပေးလျက်ရှိကြောင်း သိရသည်။
"အယောက် ၅ဝ ကိုသင်တန်းပေးတာ အယောက် ၂ဝ နားလည် သွားရင် ဒါ အမြတ်ပဲ။ လူတိုင်းက အကုန် စိတ်ဝင်စားမှု မရှိနိုင်ဘူး"ဟုစိုက်ပျိုးရေးဌာန မန်နေဂျာက ရှင်းပြသည်။
ကွေ့ချောင်းကျေးရွာတွင် နေထိုင်သည့် ဦးသန်းစိုးသည် သူ၏ လယ် ၄ ဧကကိုထွန်ယက်ရန် ကျွဲ၊ နွားများအသုံးပြုခဲ့ပြီး၊ ယခုနောက်ပိုင်းတွင် လယ်ယာသုံးစက်ကိရိယာများကိုပါ ပူးတွဲ အသုံးပြုနေသူ ဖြစ်သည်။
သူရင်ဆိုင်နေရသည့် အခက်အခဲများထဲတွင် သူ့လယ်အတွင်း မြေပြင် မညီညာခြင်းကြောင့် လယ်ယာသုံးစက်များ နေရာအနှံ့ သွားရောက်နိုင်မှု မရှိသည့်အချက်လည်း ပါဝင်ရာ အလုပ်တွင်ကျယ်ရေးအတွက် အစိုးရဌာနဆိုင်ရာတို့ လာရောက် အကူအညီပေးရန် သူက မျှော်လင့်နေသည်။ လယ်ယာသုံးစက်နှင့် ပတ်သက်သည့် သင်တန်းလည်းတက်လိုသည်ဟု သူကဆိုသည်။
“လယ်ယာသုံးစက်တွေ ဝယ်လိုက်ပေမယ့် အဲ့ဒီစက်တွေပျက်တဲ့အခါ ပြင်ပေးမယ်၊ စက်ပြင်ဆရာကလည်း သိပ်မရှိတဲ့အခါကျတော့ စက်ပြင်ဆရာရှာရတာလည်း အခက်အခဲဖြစ်တယ်။ ဒါကြောင့် အစိုးရအနေနဲ ့ လယ်ယာထွန်စက်ပြင်တဲ့ သင်တန်းတွေဘာတွေလည်း ဖွင့်သင့်တယ်”ဟုဦးသန်းစိုးက ပြောသည်။
“စက်တစ်ခါတစ်ခါပျက်ရင် စက်ပြင်ဆရာရှာမရတာနဲ ့သီးနှံစိုက်ပျိုးချိန်တွေ နောက်ကျကုန်ရော”
ဦးသန်းစိုးကဲ့သို့သော စက်ပစ္စည်းအသုံးပြုသူများ၏ အခက်အခဲကို စိုက်ပျိုးရေးဌာနကလည်း သိနေသည်။
“ရခိုင်ပြည်နယ် စက်မှုလယ်ယာပြည်နယ်ဦးစီးမှူးကို စက်မှုလယ်ယာ စက်ပြင်သင်တန်းဖွင့်ပေးဖို့ကို တောင်းဆိုထားပါတယ်။ ဒီဇင်ဘာလအတွင်းမှာ တောင်းဆိုထားတာပါ။ သူတို့ တာဝန်ခံတွေနဲ့ ညှိနှိုင်းဦးမယ် ပြောပါတယ်”ဟု စိုက်ပျိုးရေးဌာနမန်နေဂျာက ရှင်းပြသည်။
သံတွဲမြို့နယ်၊ ခရမ်းမော်ကျေးရွာအုပ်စု၊ ဝါးနွယ်ပြင်ကျေးရွာအပြင်ဘက်ရှိ လယ်ကွင်းနှင့် ဓနိတော (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)
လယ်လုပ်သားလိုအပ်ချက်
စက်မှုလယ်ယာသို့ ကူးပြောင်းရန် ခက်ခဲနေသေးသည့် အခြေအနေတွင် သံတွဲအပါအဝင် ရခိုင်ပြည်မှ ဒေသခံအများအပြားသည် အခြားသော ပြည်နယ် တိုင်းဒေသကြီးများသို့မဟုတ် နယ်စပ်ဒေသနှင့် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းသွားကြသဖြင့် လယ်ယာလုပ်သားလိုအပ်ချက်က ကြီးမားလာသည်။
ပြည်နယ်မြောက်ပိုင်းမှ သံတွဲသို့ အလုံးအရင်း လာကြသော လယ်သမားတို့ကလည်း ရေလုပ်ငန်းခွင်သို့ ရောက်သွားတတ်ကြသည်ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ဆိုသည်။
"(မြောက်ပိုင်းမှာ) လယ်စိုက်ပြီးတဲ့အချိန်က ငါးဖမ်းရာသီပြန်စတဲ့ အချိန်ဖြစ်တယ်။ အဲ့ဒီတော့ သူတို့က လယ်ယာစိုက်ပျိုးပြီးတာနဲ့ အလုပ်မရှိတဲ့အခါကျတော့ ငါးဖမ်းတဲ့အလုပ်ကိုလာပြီးတော့ လုပ်ကြတယ်။ သူတို့လယ်ထွန်ချိန်ဆို ပြန်ပြီးတော့မှ လယ်ထွန်တဲ့ အလုပ်ကိုလုပ်ကြတယ်" ဟုသံတွဲမြို့နယ် မဲဆန္ဒနယ်၂ မှ ဦးနိုင်ကြွေအေးက ပြောသည်။
အလယ်ရွာမှ လယ်သမားဦးမြင့်သိန်းက ၎င်းတို့၏ အခက်အခဲများထဲတွင် ရာသီဥတုကြောင့် အထွက်နှုန်း ကျခြင်း၊ လယ်ယာလုပ်သားငှားရမ်းရ ခက်ခဲခြင်းတို့လည်း ပါဝင်သည်ဟု ပြောသည်။
“အလုပ်သမားက တဖြည်းဖြည်း ရှားပါးလာတယ်။ စပါးစျေးက ကျတော့ကျတယ်၊ အလုပ်သမားစျေးကတက်တော့ လုပ်ရကိုင်ရ အဆင်မပြေဘူးပေါ့" ဟုဦးမြင့်သိန်းက ရှင်းပြသည်။
တောင်သူတို့၏ အဆိုပါလိုအပ်ချက်ကို စိုက်ပျိုးရေးဌာနကလည်း သိနေသည်။ သင်တန်းများတွင် တွေ့ရသည့် တောင်သူတို့က လယ်ယာလုပ်သားရှားပါးသည့် အခက်အခဲကို တင်ပြကြသည်ဟု မြို့နယ် စိုက်ပျိုးရေးမန်နေဂျာက ပြောသည်။