ဇန်နဝါရီ ၄၊ လက်စတာ။ ။ လက်စတာအသင်းသည် ဂျန့်ခ်ကွင်းလယ်ကစားသမား ဝီလ်ဖရက် အန်ဒီဒီကို ပြောင်းရွှေ့ကြေး ခန့်မှန်းပေါင် ၁၅ သန်းဖြင့် ခေါ်ယူ မည်ဖြစ်ပြီး အလုပ်လုပ်ခွင့်ပါမစ်ရရန် စောင့်ဆိုင်းရမည်ဖြစ်သည်။
အသက် ၂၀ အရွယ် နိုက်ဂျီးရီးယားလက်ရွေးစင်ကစားသမားအနေဖြင့် ကိစ္စများပြီးပြတ်သွားပါက လက်စတာအသင်းနှင့် ငါးနှစ်ခွဲ စာချုပ်မည်ဖြစ်သည်။
ပရီးမီးယားလိဂ်လက်ရှိချန်ပီယံလက်စတာအသင်း၏ ဝက်ဘ်ဆိုက်တွင် ကစားသမားဖြစ်သူနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီ ဖြစ်ကြောင်း၊ ဆေးစစ်ခဲ့ပြီးပြီဖြစ်ကြောင်းနှင့် ယခုတစ်ပတ်နှောင်းပိုင်းတွင် အပြီးသတ်စာချုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြ ထားသည်။
အန်ဒီဒီသည် နည်းပြဟောင်း မက်လစ်ရှ်လက်ထက်က ဘယ်လ်ဂျီယံကလပ် ဂျန့်ခ်သို့ ကွင်းလယ်အဖျက်ကစားသမားအဖြစ် ရောက်ရှိခဲ့သူဖြစ်သည်။
၎င်းသည် ဂျန့်ခ်အသင်းကို လက်ရှိရာသီယူရိုပါလိဂ်အုပ်စုထိပ်ဆုံးနေရာရပြီး ရှုံးထွက်အဆင့်သို့တက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့သည်။
Ref; BBC