တူရကီနိုင်ငံ ဆူရပ်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူ ၃၀ သေဆုံးခဲ့ရာ ဝန်ကြီးချုပ် အာမတ်ဒါဗူတိုဂလူက ဆီးရီးယားနှင့် ထိစပ်လျက် ရှိသော နယ်စပ်တစ်လျှောက်လုံခြုံရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားသည်။
အဆိုပါ ဗုံးဖောက်ခွဲမှုကို အိုင်အက်စ်အဖွဲ့မှ အသေခံအမျိုးသမီးတစ်ဥိးဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း စုံစမ်းရေး ကကောက်ချက်ချထားသည်။
တူရကီနိုင်ငံသည် စစ်သွေးကြွများကို ဖြိုခွင်းရေး လုပ်ဆောင်လျက်ရှိသည့် နိုင်ငံဖြစ်သည်။ သို့သော်လည်း အဆိုပါဗုံးပေါက်ကွဲမှု ပတ်သက်ပြီး နောက်ဆက်တွဲအနေဖြင့် ပြည်သူတို့က ဆန္ဒပြခြင်းများဖြစ်ပေါ်ခဲ့သည်။
ရဲက ဆန္ဒပြသူများကို ရေအမြောက်များ၊ မျက်ရည်ယိုဗုံးများနှင့် ရော်ဘာကျည်များသုံးကာ နှိမ်နင်းခဲ့ရသည်။
ဇူလိုင် ၁၇ ရက် ဖြစ်ပွားခဲ့သည့် ယင်းဗုံးပေါက်ကွဲမှုသည် ကိုဘာနီမြို့ပြန်လည်ထူထောင်ရေးအတွက် ဆီးရီးယားဖက်သို့ ကူးကာ ကူညီရန်စီစဉ်ကြသည့် လူငယ်တက်ကြွလှုပ်ရှားသူအဖွဲ့ကို ပစ်မှတ်ထား ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။
ဗုံးဖောက်ခွဲမှုအတွင်း သေဆုံးကြသူအများစုမှာ တက္ကသိုလ်ကျောင်းသားအရွယ်လူငယ်များဖြစ်ကြသည်။
အဆိုပါတက်ကြွလူငယ်များက "ကျွန်တော်တို့ စုပေါင်းခုခံကာကွယ်ကြမယ်။ အတူတကွ တည်ထောင်မှုများလုပ်ဆောင် သွားကြ မယ်။"ဟူသော ကြွေးကြော်သံများဖြင့် ကိုဘာနီပြန်လည်ထူထောင်ရေး လှုံ့ဆော်စည်းရုံးစဉ် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ကိုဘာနီမြို့သည် ဆူရပ်မြို့မှ နယ်စပ်ဖြတ်ကျော်မြို့တစ်မြို့ဖြစ်ပြီး အိုင်အက်စ်နှင့် ကာ့ဒ်တိုက်ခိုက်ရေးသမား တိုက်ပွဲများဖြစ် ပွားနေရာဖြစ်သည်။ ဇန်နဝါရီလအတွင်းက ကိုဘာနီမြို့ကို ကာ့ဒ်တို့က ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများက ဆူရပ်မြို့သို့ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။
Ref: BBC