ဒီဇင်ဘာ ၂၂ ။ ။ ကမ္ဘာ့တောင်ဘက်အစွန်းဆုံးအခြမ်းတွင် သမုဒ္ဓရာရေကြောင်းထိန်းသိမ်းရေးဇုန်များ ထူထောင်နိုင်ရေးကမ်ပိန်းတစ်ခုအဖြစ် ဗြိတိန်နိုင်ငံသား တက်ကြွလှုပ်ရှားသူတစ်ဦး ရေခဲတစ်မျှအေးခဲလှသည့် အန္တာတိကရေပြင်အတွင်း ရေကူးဝတ်စုံမပါဘဲ အလွတ်ကူးဖြတ်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဗြိတိန်ရေကူးသမား Lewis Pugh မှာ ပြီးခဲ့သည့် သီတင်းပတ်က အကြမ်းဖျင်းအားဖြင့် အပူချိန် ၀ ဒီဂရီ စင်တီဂရိတ် (၃၂ ဒီဂရီ ဖာရင်ဟိုက်) ရှိ Bellingshausen ပင်လယ်ပြင်တွင်း ၁၇ မိနစ် နှင့် ၃၀ စက္ကန့်ကြာ ကူးဖြတ်ခဲ့သည်ဟု သိရသည်။
"၁၇ မိနစ်ကြာ ရေထဲမှာ ကူးနေခဲ့ရတုန်းက ၁၇ ရက်လောက်များ ကြာနေသလားလို့တောင် ခံစားမိခဲ့ရပါတယ်၊ အေးခဲတဲ့ရေထဲမှာ ရေကူးရတာကြိုက်တယ်ဆိုတဲ့လူတွေတောင် ဒီလိုမျိုး ဘယ်တော့မှ လုပ်မယ်မထင်ပါဘူး" ဟု Pugh က ပြောကြားသွားသည်။
ယခု ကမ်ပိန်းကို ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာလည်း အန္တာတိကအရှေ့ဘက်ခြမ်း၊ Weddell ပင်လယ်၊ Bellingshausen ပင်လယ်တို့တွင် လာမည့်သုံးနှစ်အတွင်း ရေကြောင်းကာကွယ် ထိန်းသိမ်းရေး ဇုန်သုံးခု ထူထောင်နိုင်ရေးအတွက် ရည်ရွယ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသွားသည်။
ပြီးခဲ့သည့်ကာလကလည်း အန္တာတိကသမုဒ္ဓရာအတွင်းရှိ Ross Sea ကို ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် နှစ်ပေါင်း ၃၅ နှစ်ကြာ စီးပွားဖြစ်ငါးဖမ်းခြင်းမှ ထိန်းသိမ်းတားမြစ်သည့် စည်းမျဉ်းတစ်ရပ်အပေါ် ဥရောပသမဂ္ဂနှင့် နိုင်ငံပေါင်း ၂၄ နိုင်ငံတို့မှ ကိုယ်စားလှယ်များအကြား သဘောတူညီထားနိုင်ခဲ့သည်။