ဒီဇင်ဘာ ၂၁ ။ ။ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာအနီး နေအိမ်တစ်လုံး၌ ၀င်ရောက်စီးနင်းခဲ့သော သံသယရှိ အကြမ်းဖက်သမားသုံးဦးအား အင်ဒိုအကြမ်းဖက် နှိမ်နင်းရေးရဲများက ပစ်ခတ်ရှင်းလင်းလိုက်ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြို့တော် ဂျာကာတာအနီး Tangerang အရပ် နေအိမ်တစ်လုံး၌ ဗုံးတစ်လုံး ရှာတွေ့ခဲ့သကဲ့သို့ သံသယရှိ အကြမ်းဖက်သမားများက ရဲများကို ပေါက်ကွဲစေတတ်သောပစ္စည်းများဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။
အဆိုပါ အုပ်စုမှာ တိုက်ခိုက်မှုတစ်ခုပြုလုပ်ရန် စီစဉ်ခဲ့သူများဖြစ်ကြောင်း ဂျာကာတာရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Argo Yuwono က ပြောသည်။
အင်ဒိုအမျိုးသားရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Rikwanto ၏ အဆိုအရ အဆိုပါ သံသယရှိသူသုံးဦးမှာ ရဲများ၏ဖမ်းဆီးမှုကို ပြန်လည်ခုခံခဲ့ပြီး နေအိမ်တစ်လုံးကို ၀င်စီးကာ ရဲများအား ဖောက်ခွဲရေးပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရသည်။
" ဒီစီးနင်းမှုမှာ ကျွန်တော်တို့ဘက်က တော်တော်လေး ဂရုစိုက်ခဲ့ရပါတယ်၊ ဒီလူသုံးယောက်က အိမ်ထဲကနေ ကျွန်တော်တို့ကို လှမ်းပစ်ခဲ့လို့ပါ၊ ဒါ့အတူ မပေါက်ကွဲသေးတဲ့ဗုံးတစ်လုံးကို လည်း အိမ်ထဲမှာ တွေ့ရပါသေးတယ်" ဟု Rikwanto က ပြောသည်။
ယခုသေဆုံးသွားသော သံသယရှိသူသုံးဦးမှာ သမ္မတအိမ်တော်အခမ်းအနားတစ်ခုကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်ရန်စီစဉ်ခဲ့သူများဖြစ်သည့် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်ကဖမ်းဆီးခံထားရသော စစ်သွေးကြွများနှင့်ချိတ်ဆက်မှုရှိမည်ဟု အာဏာပိုင်များက ယုံကြည်ထားသည်။