မန္တလေး၊ ဇူလိုင် ၂၀ ။ ။ လက်ရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တစ်ဦးတည်းသော အမျိုးသမီး လွှတ်တော် အမတ်ဖြစ် သည့် ဒေါ်တင်တင်မာသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ထပ်မံ ယှဉ်ပြိုင် ရွေးချယ်ခံမည်ဖြစ်ကြောင်း ၎င်းက မဇ္ဈိမ ကို ပြောသည်။
၎င်းက "ဒါနိုင်ငံရေးဆောင်ရွက်ချက် ၊ပါတီရဲ့တာဝန်လို့ပဲ အန်တီက ယူဆတာပါ" ဟုဆိုသည်။
အသက်၆၅ နှစ် အရွယ်မျိုးသမီးလွှတ်တော် အမတ်က ၎င်း အနေဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သည့် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်မည်ဟုဆိုသည်။ ဒေါ်တင်တင်မာသည် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ် သည်။
ဒေါ်တင်တင်မာက `` အန်တီအနေနဲ့ကတော့ နိုင်တာ ရှုံးတာ အဓိကမဟုတ်ပါဘူး။ပါတီအနေနဲ့ ရပ်တည် ပေးရမယ့်တာဝန် ရှိပါတယ်။ တစ်ခြားပါတီကြီးတွေနဲ့ ယှဉ်ရင်တော့ ခပ်ရှင်းရှင်းပြောရမယ်ဆိုရင်ကွာ အခုကတည်းက တွက်လို့ရပါ တယ်။ အတတ်နိုင်ဆုံးကိုယ်ကလည်း ကြိူးစားရမှာပေါ့ ``ဟု ပြောသည်။
၂၀၁၀ခု ရွေးကောက်ပွဲ၌ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ချမ်းအေးသာစံ မဲဆန္ဒနယ်အမှတ်(၂)တွင် ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ) သုံးပါတီ ယှဉ်ပြိုင်ခဲ့ ရာတွင်ဒေါ်တင်တင်မာက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဒေါ်တင်တင်မာသည် တိုင်းလွှတ်တော်တွင် လှုမှုရေးနှင့်ယဉ်ကျေးမှုကော်မတီဝင် တစ်ဦး ဖြစ်ပြီး လွှတ်တော် သက်တမ်း လက်ရှိအချိန်ထိ အဆို ၁၀ ခုနှင့် မေးခွန်ပေါင်း ၄၀ ကျော်ကို မေးမြန်းခဲ့သည်။