ဒီဇင်ဘာ ၁၄ ။ ။ ဖိလစ်ပိုင်နိုင်ငံတွင် Miss Universe ပြိုင်ပွဲဝင်အလှမယ်များကို အန္တရာယ်ရှိ ငါးမန်းများနှင့်အတူ ရေကူးစေသည့်လုပ်ရပ်နှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများက ပွဲစီစဉ်သူများကို ပြင်းထန်စွာ ပြစ်တင်ဝေဖန်သွားခဲ့သည်။
Cebu ကျွန်းပြင်ပ ကမ္ဘာ့အကြီးဆုံး ငါးမျိုးစိတ်များရှိနေသည့် နေရာတွင် ရေသွားကူးရန်အတွက် လှေများထက်တွင် အပြံုးကိုယ်စီဖြင့် လက်ဝှေ့ယမ်းပြသနေကြသော ဘီကီနီဝတ် အလှမယ်ပြိုင်ပွဲဝင်များ၏ ဓါတ်ပုံများ ပေါ်ထွက်လာသည့်အပေါ် ဝေဖန်ပြစ်တင်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ Miss Universe ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်သည်။
" Miss Universe ပြိုင်ပွဲဝင်တွေ အဲဒီနေရာကို သွားကြတဲ့အပေါ် ကျွန်တော်တို့ တော်တော်လေး စိုးရိမ်မိပါတယ်၊ ဖိလစ်ပိုင်ကတော့ ခရီးသွားလုပ်ငန်းအတွက် မကောင်းတဲ့ အလေ့အထတစ်ခုကို သွတ်သွင်းဖို့လုပ်နေကြတယ်" ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်သည့် Greenpeace Southeast Asia မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Vince Cinches က ပြောသည်။
လာမည့်နှစ်တွင် Miss Universe ပြိုင်ပွဲကို နိုင်ငံတွင်လက်ခံကျင်းပပေးသွားမည်ဖြစ်ပြီး ယခုကဲ့သို့ ပြိုင်ပွဲဝင်များ ယင်းသို့ သွားရောက်ခြင်းမှာ ပြိုင်ပွဲအတွက် ထည့်သွင်းကျင်းပနိုင်မည့် နေရာများကို သွားရောက်စစ်ဆေးခြင်းသာဖြစ်ကြောင်း ဖိလစ်ပိုင်ခရီးသွားဌာနက ပြောကြားသွားသည်။
ထို့ပြင် အလှမယ်များ၏ ယခု ခရီးစဉ်အတွက် အစစအရာရာ ကြိုတင်ပြီး ကောင်းစွာစီစဉ်ထားခဲ့ကြောင်းလည်း ခရီးသွားဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Kat De Castro က ပြောကြားသွားသည်။