နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှု စုံစမ်းရန် ဒုသမ္မတဦးမြင့်ဆွေ မောင်တောသို့ သွားရောက်

နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှု စုံစမ်းရန် ဒုသမ္မတဦးမြင့်ဆွေ မောင်တောသို့ သွားရောက်
 ဒုသမ္မတဦးမြင့်ဆွေသည် မောင်တောသို့ မသွားမီ ဒီဇင်ဘာ ၉ရက်က ပုဂံသို့ သွားရောက်စဉ်။ (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ။             ။ နယ်ခြားစောင့်ရဲတပ်စခန်းများ တိုက်ခိုက်ခံခဲ့ရသည့် ကိစ္စများကို စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဒီဇင်ဘာ ၁၁ရက်က မောင်တောကို သွားရောက်နေကြောင်း ရခိုင်ပြည်နယ်အစိုးရ ပြောဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီးဦးမင်းအောင်က မဇ္ဈိမသို့ပြောသည်။

"ဟုတ်ပါတယ် ဒီနေ့ရောက်တယ်၊ နယ်လုံဝန်ကြီးနဲ့ လူမှုရေးဝန်ကြီး မောင်တောကို လိုက်သွားတယ်" ဟု ၎င်းကဆိုသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းထားသည့် မောင်တောအကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံးက မောင်တောအကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဖြစ်ပွားရသည့် နောက်ခံအကြောင်းအရာများနှင့် အဖြစ်မှန်ပေါ်ပေါက်စေရေးအတွက် စုံစမ်းစစ်ဆေးပြီး နောက်အလားတူ အဖြစ်မျိုး ထပ်မံမပေါ်ပေါက်စေဖို့ အကြံပြုချက်များပေးရန် ဒီဇင်ဘာ ၁ ရက်က စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဒုတိယသမ္မတ ဦးမြင့်ဆွေအား ဥက္ကဌအဖြစ် ခန့်အပ်ပြီး ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် နိုင်ငံတော်သမ္မတထံ ၂၀၁၇ ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား အစီရင်ခံရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required