လမ်းဘေးစျေးသည် ၂ဝဝ ကျော်က မူလနေရာများတွင် စျေးပြန်ရောင်းခွင့်ရရန် ဆန္ဒပြတောင်းဆို

လမ်းဘေးစျေးသည် ၂ဝဝ ကျော်က မူလနေရာများတွင် စျေးပြန်ရောင်းခွင့်ရရန် ဆန္ဒပြတောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာလ ၉ ။               ။ လမ်းမများပေါ်တွင် စျေးရောင်းချမှုကြောင့် ဖယ်ရှားခံခဲ့ရသည့် လမ်းဘေးစျေးသည် ၂ဝဝ ကျော်က ယခင်ရောင်းချခဲ့ သည့် နေရာများတွင် စည်းကမ်းတကျ   ပြန်လည်ရောင်းချခွင့်ရရန်အတွက် လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ ကြသည်။

အဆိုပါ စျေးသည်များမှာ ရန်ကုန်မြို့ရှိ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်နှင့် ကျောက်တံတားမြို့နယ်များမှ စျေးသည် များဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မော်တင် ဂုံးကျော်တံတားမှ စတင်ကာ မဟာဗန္ဓုလလမ်း အတိုင်း ရန် ကုန်မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

" ကျွန်တော်တို့ရဲ့ အနှစ်ချုပ်က ဘာလဲဆိုတော့ လမ်းဘေးစျေးသည်တွေကို ပြန်လည်ငဲ့ညှာ သနားပါ။ လမ်းဘေးစျေး သည်တွေရဲ့ စားဝတ်နေရေး အဆင်မပြေဘူး။ အခုလတ်တလောမှာ လုံးဝအဆင် မပြေကြဘူး။ ယခင်ရောင်းခဲ့တဲ့ နေရာ တွေကို စည်းကမ်းတကျနဲ့ ပြန်လည်စိစစ်ပေးပါ။ ကားလမ်းမ မကျနဲ့ဆို လုံးဝမကျဘူး။ ဆိုင်ခန်းကျယ်လို့ ပြန်ကျဉ်းဆို ကျဉ်းပေးမယ်။ အဲ့ဒီနေရာတွေမှာ မျှတအောင်လုပ်ပေးပါ " ဟု လမ်းဘေးစျေးသည်များ ဆန္ဒပြပွဲဦးဆောင်သူ စျေးသည် ဦးကိုအောင်အောင်က ပြောသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ စျေးနေရာမရရှိသေးသည့် စျေးသည် ၃ဝဝ ကျော်က နိုဝင်ဘာလ ၁၉ ရက်တွင် တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့ထံ အသနားခံစာတင်ခဲ့ပြီး ထိုနေ့တွင် ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေ၍ ယခုကဲ့သို့ ဆန္ဒထုတ်ဖော် ရခြင်းဖြစ်သည်ဟု ၄င်း က ဆိုသည်။

" ကျွန်မတို့ စျေးရောင်းစားပေမယ့် သူများပစ္စည်း ခိုးမစားဘူး။ လိမ်ညာမစားဘူး။ ဒါပေမယ့် ကျွန်မတို့ရဲ့ လိုအပ်ချက်တွေ ကို ကျွန်မတို့တောင်းတ တာပဲရှိတယ်။ ကျွန်မတို့ ဒီမှာရောင်းစားတာ   နှစ်နှစ်ဆယ်ကျော်ပြီ။ နောက်မှ မုန့်ဟင်းခါး ရောင်း တဲ့သူ သုံးနေရာရတယ်။ ရေခဲရေသည် ၅ လမကြာသေး ဘူး တစ်နေရာရတယ်။ ကျွန်မတို့မှာ တကယ့် အမှန်အကန် တွေ မရဘူး။ ဒါပေမယ့် ကိုယ်နေရာလေးကိုပဲ ကိုယ်ပြန်မျှော်လင့်ပါတယ် "ဟု သစ်သီးစျေးသည် ဒေါ်ပြံုးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ နိုဝင်ဘာလ ၂၃ ရက်က စတင်ပြီး အစားအသောက်နှင့် သစ်သီး ရောင်းချသည့် စျေးသည် ၁၆ဝဝ ခန့်ကို ကမ်းနားလမ်းသို့ ပြောင်းရွေ့ပေးခဲ့သော်လည်း ဆိုင်နေရာရရှိမှုများတွင် မျှတ မှုမရှိကြောင်း၊ ခြစားမှုပြဿနာများ ရှိနေသည့်အတွက် သက်ဆိုင်မှ ပြန်လည် စိစစ်ပေးရန်လည်း စျေးသည် ၂ဝဝ ကျော် က တောင်းဆိုခဲ့ကြသည်။

" တစ်အချက် မျှတမှုရှိရမယ်။ ကောင်းတဲ့နေရာ ကောင်းတဲ့သူရသွားမယ်။ မကောင်းတဲ့နေရာ ဆင်းရဲသားတွေ ရသွားလို့ မဖြစ်ဘူး။ အခု ဒီညစျေးတန်း ဒီလိုဖြစ်သွားတယ်။ အဲ့ဒါကို သူတို့ ဘယ်လိုပြန်လည် စိစစ်ပေးမလဲ။ အဲဒီလို စိစစ်ပေးတာ ကို စဉ်းစားမယ်။ မဟုတ်ရင် ကျွန်တော်တို့ ဒီလိုပဲထုတ်ဖော်သွားမယ်။ တစ်ချို့ဆိုရင် သုံးကွက်ရတယ်။ လေးကွက်ရ တယ်။ အမှန်ဆိုရင် မိသားစု တစ်စုကို တစ်ကွက်ပဲ ရသင့်တယ် "ဟု ဆန္ဒပြပွဲ ဦးဆောင်သူ စျေးသည် ကိုအောင်အောင် က ဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွင် စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ သက်ဆိုင်ရာမြို့ နယ်အလိုက် မှတ်ပုံတင်ထားသည့် ကျောက်တံတား၊ပန်းဘဲတန်း နှင့် လသာမြို့နယ် ၃ မြို့နယ်ပေါင်း လမ်းဘေးစျေးသည် ဦးရေမှာ ၆ ထောင်ကျော် (၆ဝ၄၁) ဦး ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly