ယနေ့ နေ့လည် ၂ နာရီ ၂၀ မိနစ်ခန့်က စမ်းချောင်းမြို့နယ် ၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ရှမ်းကုန်းလမ်း တိုက်၁၄/ ဘီ ၊ မြေညီထပ်မှာ ဖွင့်လှစ်ထားသော MS Group Money Exchange နိုင်ငံခြားငွေလဲလှယ် ကောင်တာတွင် သေနတ်နဲ့ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့သည် ဟု စမ်းချောင်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ နေ့လည် ၁၂နာရီတွင် ဆိုင်၌ရှိနေခိုက် အသက် ၃၀ ခန့်ဝန်းကျင် လူငယ်တစ်ဦးနှင့် အခြားလူငယ်တို့ ၀င်ရောက်လာပြီး အမေရိကန်ဒေါ်လာအား ကျပ် နှစ်သိန်းဖိုးခန့် လဲယူလိုကြောင်း ပြောကြားခဲ့သည်ဟု ယင်းဆိုင်မှ ဦးမျိုးမြင့်က ပြောသည်။ ငွေကြေးလဲလှယ်ရာတွင် ငွေမလောက်၍ သွားယူရန်ပြန်လည်ထွက်ခွာပြီး ပြန်ရောက်ရာတွင် ယင်းကဲ့သို့ သေနတ်ပစ်ခတ် လုယက်မှု ဖြစ်ပွားကြောင်း သိရသည်။
ကောင်တာစားပွဲပေါ်ရှိ ငွေကျပ် ၅ သိန်းအုပ် စုစုပေါင်း ၃၅ အုပ်၊ တန်ဖိုး ကျပ်သိန်း ၁၅၀ ခန့်၊ အံဆွဲအတွင်းမှ အမေရိကန်ဒေါ်လာ ၁၅၀၀၀ ခန့်၊ တန်ဖိုး ကျပ် ၄ သိန်းခန့်ရှိ ငွေဖြည့်ကတ်မျိုးစုံ ၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် အခြားပစ္စည်းများ ယူဆောင်သွားသည်ဟု ထုတ်ပြန်ထားသည်။ အဆိုပါ လူနှစ်ဦးမှာ ပြည်လမ်းဖက်သို့ ထွက်ပြေးသွားပြီး ပြန်လှည့်ပစ်ခတ်ခဲ့ကာ ခြောက်လုံးပြူးသေနတ်မှာ အသံကြားမီးပွင့်ပြီး ကျည်ထွက်မှုမရှိကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောသည်။
အဆိုပါ လူနှစ်ဦးမှာ တိုင်းရင်းသားဘာသာဖြင့် စကားပြောဆိုကြောင်း၊ အသားညို ခပ်ဝဝနှင့် တစ်ဦး၊ အသားဖြူအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူတစ်ဦးတို့ ဖြစ်ကြောင်း ဖော်ပြထားသည်။