ဘောလုံးသမားဘဝမှ အနားယူထားသည့် ရော်နယ်ဒင်ဟိုနှင့် ရီကွယ်မီးတို့ ရှာပါကွင်းစ်အသင်းအတွက် ပြန်ကစားပေးမည်

ဘောလုံးသမားဘဝမှ အနားယူထားသည့် ရော်နယ်ဒင်ဟိုနှင့် ရီကွယ်မီးတို့ ရှာပါကွင်းစ်အသင်းအတွက် ပြန်ကစားပေးမည်
 

ဒီဇင်ဘာ ၂၊ ဘရာဇီး ။                  ။ ဘောလုံးသမားဘဝမှ အနားယူထားပြီးဖြစ်သည့် ဘရာဇီးတိုက်စစ်အကျော်အမော် ရော်နယ်ဒင်ဟိုနှင့် အာဂျင်တီးနားကွင်းလယ်တိုက်စစ်မှူး ရီကွယ်မီးတို့သည် ရှာပါကွင်းစ်အသင်းက ခေါ်ယူပါက ဘောလုံးပြန်ကစားပေးရန် အဆင်သင့်ရှိနေကြသည်။

လေယာဉ်ပျက်ကျရာတွင် သေဆုံးခဲ့ရသည့် ရ၁ ဦးတွင် ဘရာဇီးကလပ် ရှာပါကွင်းစ်အသင်းမှ ကစားသမား ၁၉ ဦးနှင့် အသင်းနည်းပြများ၊ ၀န်ထမ်းများ ပါ၀င်သွားခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် ရှာပါကွင်းစ်အသင်းအတွက် ဘောလုံးကမ္ဘာကြီးတစ်ခုလုံးက ၀မ်းနည်းကြေကွဲလျက်ရှိနေပြီး အကူအညီပေးရန် အသင့်ရှိနေကြသည်။

ဘရာဇီးစီးရီးအေကလပ်များက လာမည့်ရာသီသစ်တွင် ရှာပါကွင်းစ်အသင်းအတွက် ကစားသမားများကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် အငှားချပေးရန် သဘောတူညီထားကြပြီ ဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင်ဟောင်း ရော်နယ်ဒင်ဟိုသည် ရှာပါကွင်းစ်အသင်းအတွက် မည်သည့်အရာမဆိုအကူအညီပေးရန် အသင့်ရှိနေကြောင်းနှင့် ရှာပါကွင်းစ်အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်း၏အေးဂျင့်က ပြောဆိုခဲ့သည်။

 ရှာပါကွင်းစ်အသင်းနှင့် ကိုပါဆူဒါမီရီကာနာဖလားဗိုလ်လုပွဲကစားရမည့် အက်သလက်တီကိုနေစီယွန်နယ်အသင်းကလည်း ရှာပါကွင်းစ်အသင်းကိုသာ ချန်ပီယံဆုပေးအပ်ရန် တောင်းဆိုထားသည်။ ရှာပါကွင်းစ်အသင်းအတွက် ၀မ်းနည်းအောက်မေ့ခြင်းအခမ်းအနားကို အက်သလက်တီကိုနေစီယွန်နယ်ကွင်းတွင် ပြုလုပ်ခဲ့ရာ ပရိသတ်များကွင်းလုံးပြည့် တက်ရောက်ခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly