NCA စာချုပ်ပါအချက်များကို လိုက်နာမှု အားနည်းခြင်းကြောင့် တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်ပွားခဲ့ဟုဆို

NCA စာချုပ်ပါအချက်များကို လိုက်နာမှု အားနည်းခြင်းကြောင့် တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်ပွားခဲ့ဟုဆို
ဓာတ်ပုံ-စိုးသူအောင်
 

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ။             ။ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) နှင့် တပ်မတော်တို့ အောက်တိုဘာလအတွင်း ရှမ်းပြည်နယ် နမ့်လန်နှင့် တုံလော၊ ပန်ပွဲဒေသများတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမှာ NCA စာချုပ်ပါအချက်အလက်များကို လိုက်နာမှုအားနည်းခြင်းကြောင့်ဖြစ်သည်ဟု စိစစ်အတည်ပြုရေးအဖွဲ့ခေါင်းဆောင် ဦးမောင်မောင်ငြိမ်းကပြောဆိုလိုက်သည်။

“NCA ကိုသူတို့့အကုန်သိတယ်။ လိုက်နာမှုအပိုင်းမှာ နည်းနည်းလေးအားနည်းပြီးတော့ ပြောမယ်ဆိုရင်တော့ နားလည်မှုလွဲတဲ့အပိုင်းတွေရှိတယ်။ ဒါတွေဟာ ရည်ရွယ်ချက်နဲ့လုပ်တာမဟုတ်ဘူး မသိလို့ဖြစ်သွားတဲ့ဖြစ်စဉ်တွေပဲဖြစ်ပါတယ်" ဟု ဦးမောင်မောင်ငြိမ်းကပြောသည်။ သို့သော် ဘယ်ဘက်အဖွဲ့အစည်းက လိုက်နာမှုအားနည်းသည်ကိုမူ ၎င်းက တိတိကျကျ ပြောကြားခြင်း မရှိပေ။

ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ကျင်းခဲ့သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ( JMCU) ၈ ကြိမ်မြောက်အစည်းအဝေး နိုဝင်ဘာ ၁၉ ရက် တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

စိစစ်အတည်ပြုရေးအဖွဲ့အနေဖြင့် နမ့်လန်ဖြစ်စဉ်တွင်တိုက်ရိုက်ပါဝင်သူ သက်သေ ၁၆ ဦး၊ တုံလောဖြစ်စဉ်တွင် ၁၃ ဦးတို့ကိုစစ်ဆေးခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများကို သွားရောက် မျက်မြင်စစ်ဆေးခဲ့ကြာင်းသိရသည်။

“NCA နဲ့ ညှိစွန်းတယ်ဆိုတာလည်း စနစ်တကျမရှိတာတွေ ကျွန်တော်တို့ NCA မှာတော့ ဘာလုပ်လုပ် နှစ်ဖက်အဖွဲ့အစည်းတွေက ပူးပေါင်းပြီးတော့ လုပ်ရမယ်ဆိုတာလည်း အပိုဒ်တိုင်းမှာပါ ပါတယ်။ ပူးပေါင်းပြီးတော့ ဆောင်ရွက်မှုမရှိတာလေးတွေ ဒါလေးတွေပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ NCA ကို ချိုးဖောက်တာဆိုပြီးတော့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်” ဟု တပ်မတော်ကိုယ်စားလှယ်လည်းဖြစ် စိစစ်အတည်ပြုရေးအဖွဲ့ဝင်လည်းဖြစ်သည့် ဗိုလ်မှူးဝဏ္ဏအောင်ကပြောဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွိုင့် ကျေးရွာရှိ RCSS/SSA ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစခန်းကို မြန်မ့ာတပ်မတော်ဘက်မှ အကြောင်းမကြားဘဲ ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင်း ဖြေရှင်းပေးရန် RCSS/SSA က JMC-U တို့ထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“တင်ပြလိုတဲ့ဟာက ကြီးကြီးမားမာ မဟုတ်ဘူး။ အဲ့ဒီ့ပေါ်မှာကျွန်တော်တို့ ဆုံးဖြတ်လိုက်တာက အောက်ကအဖွဲ့တွေကို ဒါတွေကို (NCA စာချုပ်အချက်အလက်တွေကို) ပိုကြေညက်အောင် လုပ်ပေးဖို့လိုမယ်ဆိုတဲ့ အဖြေတစ်ခုရပါတယ်" ဟု စိစစ်အတည်ပြုရေးအဖွဲ့ခေါင်းဆောင် ဦးမောင်မောင်ငြိမ်းက အကြံပြုသည်။

အောက်တိုဘာလ ၁၇ ရက်က JMC-U မှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုကို စိစစ်အတည်ပြုရေးအဖွဲ့ကို အရပ်သားကိုယ်စားလှယ် ဦးမောင်မောင်ငြိမ်း၊ စိုင်းမျိုးသန့်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘက်မှ ဗိုလ်မှူး စိုင်းဦး၊ ရဲဘော် ဆလိုင်းယော်အောင်၊ တပ်မတော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဝဏ္ဏအောင်နှင့် ဒုဗိုလ်မှူးကြီး လင်းထင်ကျော် တို့ ၆ဦး ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

RCSS/SSA သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တစ်နို်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) ကို အခြားတိုင်းရင်းသား ရ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ဖြစ်သည်။

နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်ထိ တပ်မတော်ဖက်ကကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် ( EAO) ဘက်မှ ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့စည်းမှ ကိုယ်စားလှယ်များဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required