ပေကျင်း၊ အောက်တိုဘာ ၂၇ ။ ။ ပစိဖိတ်သမုဒ္ဒရာ ဖြတ်ရာတွင် ကမ္ဘာ့စံချိန်ချိုးရန်အတွက် တစ်ကိုယ်တော် ရွက်လွှင့်နေသည့် အမျိုးသားတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း တရုတ်သတင်း ဌာနက ဖော်ပြသည်။ ကျို့ချူအန်းဆိုသူ အမျိုးသားက ပစိဖိတ်သမုဒ္ဒရာကို ဖြတ်လျက်ရွက်လွှင့်နေခြင်းဖြစ်ပြီး ၎င်းမြေပြင် ထောက်ပံ့ရေးအဖွဲ့နှင့် အဆက်အသွယ်ပြတ်နေကြောင်း နိုင်ငံပိုင်ဆင်ဟွာ သတင်း၌ ဖော်ပြသည်။
ကျို့ချုအန်းသည် အောက်တိုဘာ ၁၈ ရက်က ဆန်ဖရန်စစ္စကိုမှ စတင်ရွက်လွှင့်ခဲ့ခြင်းဖြစ်သည်။ ကမ်းလွန်ပင်လယ်တွင် မိုင် ၁၂၀၀ ကျော်ခန့် ရောက်နေချိန် သုံးရက်မြောက်တွင် ချူအန်းက ဖေ့ဘုတ်ပေါ် နောက်ဆုံး ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။
ချူအန်းက ဆန်ဖရန်စစ္စကိုမှ ရှန်ဟိုင်းသို့ ရက် ၂၀ ဖြင့် ဖြတ်သန်းရောက်ရှိရန် ရွှက်လွှင့်ခြင်းဖြစ်သည်။
လက်ရှိ၌ ယင်းခရီးစဉ်ကို စံချိန်တင်ထားသည်မှာ ၂၁ ရက်ဖြင့် ရွက်လွှင့်ထားနိုင်ခြင်းဖြစ်သည်။
အသက် ၅၁ နှစ်အရွယ် ချူအန်းသည် ပေ ၄၀ ရှည် အပျော်စီရွက်သင်္ဘောဖြင့် ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာ့ရေလမ်းကြောင်း သုံးကြောင်းကို ရွက်လွှင့်နိုင်ခဲ့ပြီး ကမ္ဘာ့ပတ်ရွက်လွှင့်သည် ပထမဆုံး တရုတ်အမျိုးသားဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက် ပေကျင်းစံတော်ချိန် နေ့လယ် သုံးနာရီမှစကာ မြေပြင်အဖွဲ့ထံ ၎င်း၏ ဆက်သွယ်မှု မရရှိတော့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြသည်။
ရွက်သင်္ဘောရှိရာသို့ ရှာဖွေရေးလေယာဉ်စေလွှတ်ခဲ့သော်လည်း ရွက်သင်္ဘောပေါ်တွင် ချူအန်းအား တွေ့ရှိတော့ခြင်း မရှိကြောင်း ယင်းသတင်းဌာနက ဖော်ပြသည်။