အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၅ ။ ။ ပါကစ္စတန်နိုင်ငံ ကွစ်ဘတ်မြို့ရှိ ရဲသိပ္ပံကောလိပ်ကျောင်း တိုက်ခိုက်ခံရ၍ ရဲအရာရှိလောင်းနှင့် အစောင့် ၄၄ ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။ တိုက်ခိုက်ရေးသမားများက အဆောက်အအုံအတွင်း ဝင်ရောက်စီးနင်း ပစ်ခတ်ခြင်းဖြစ်ပြီး နာရီအတန်ကြာအထိ ယင်းပတ်ဝန်းကျင်တွင် လုံခြုံရေး စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရသည်။
တိုက်ခိုက်သူ သုံးဦးက ဗုံးခါးပတ်များ ဝတ်ဆင်ပြီး ရဲကောလိပ်အတွင်း ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ယူဆသည်။ ၎င်းတို့အားလုံးလည်း သေဆုံးကြောင်း သိရသည်။
တိုက်ခိုက်မှုဖြစ်ပွားရာ ဘာလိုချီစတန် ရဲကောလိပ်သို့ လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိပြီး အကြမ်းဖက် စစ်သွေးကြွများကို တန်ပြန်တိုက်ခိုက်၍ သင်တန်းသား ရာပေါင်းများစွာကို ကယ်တင်လိုက်နိုင်သည်။
ပါကစ္စတန်စစ်တပ်နှင့် အထူးတပ်ဖွဲ့တို့က စစ်ရေးတန်ပြန် ဆင်နွှဲခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ဘာလိုချီစတန်ပြည်နယ်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး ဆာဖာရက်အာမတ်က ယင်းစီးနင်းတိုက်ခိုက်မှု အား ချေမှုန်းနိုင်ခဲ့ကြောင်း ပြောသည်။
ဗုံးခါးပတ်ပေါက်ကွဲ၍ စစ်သွေးကြွနှစ်ဦး သေဆုံးခြင်းဖြစ်ကာ ကျန်တစ်ဦးအား လုံခြုံရေးတပ်ဖွဲ့များက ပစ်သတ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။
ထိုဖောက်ခွဲမှုအတွင်း ရဲအရာရှိလောင်းများစွာ သေဆုံးကြောင်း ဗိုလ်မှူးချုပ် ရှားအာဖဂန်က ပြောသည်။