ဘရာဗိုကို စာချုပ်ခြင်း မရှိမီ တားစတီဂန်ကို ဦးစွာဆွေးနွေးခဲ့ဟု ဂွာဒီယိုလာပြော

ဘရာဗိုကို စာချုပ်ခြင်း မရှိမီ တားစတီဂန်ကို ဦးစွာဆွေးနွေးခဲ့ဟု ဂွာဒီယိုလာပြော

အောက်တိုဘာ ၁၉၊ မန်ချက်စတာ။                ။ မန်စီးတီးဂိုးသမားဂျိုးဟတ်နေရာတွင် အစားထိုးရန် ဘာစီလိုနာဂိုးသမား တားစတီဂန်မှာ ဦးစားပေးပစ်မှတ်ဖြစ်ခဲ့သည်ဟု မန်စီးတီးနည်းပြ ဂွာဒီယိုလာက ထုတ်ပြောလိုက်သည်။

ဗုဒ္ဓဟူးနေ့တွင် နူးကမ့်ကွင်း၌ အသင်းဟောင်း ဘာစီလိုနာနှင့်ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲမတိုင်မီ ဂွာဒီယိုလာက ပြောဆိုလိုက် ခြင်းဖြစ်သည်။

နွေရာသီအတွင်း မန်စီးတီးအသင်းကိုစတင်တာဝန်ယူပြီးနောက် အသင်းဟောင်းမှကစားသမားများကို စပိန်သို့သွားရောက် ချိတ်ဆက်ခဲ့သည်ဆိုသောသတင်းများကိုမူ ဂွာဒီယိုလာက ငြင်းဆန်ခဲ့သည်။

သို့သော်ဘာစီလိုနာတွင်လက်တွဲခဲ့ဖူးသည့် ဘရာဗိုကို ပေါင် ၁၅ ဒသမ ၄ သန်းဖြင့်မခေါ်မီ ဂျာမန်ဂိုးသမား တားစတီဂန်နှင့် ဦးစွာ ဆွေးနွေးဖြစ်ခဲ့ကြောင်း ဂွာဒီယိုလာက ဝန်ခံသည်။

“နွေရာသီတုန်းက မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်၊ ဘက်စကွက်၊ အင်နီယေစတာစတဲ့ ဘယ်သူ့ကိုမှ မခေါ်ခဲ့ပါဘူး။ တားစတီဂန် ကတော့ အမြဲတမ်းပွဲထွက်ကစားချင်တယ်ဆိုတာ ကျွန်တော်သိတယ်။

ကျွန်တော်တို့ အပြောအဆိုရှိခဲ့တယ်။ သူ့လက်ရှိအခြေအနေကို သူမပျော်ဘူး။ ဘရာဗို၊ တားစတီဂန်လို ဂိုးသမားမျိုး ကျွန်တော်တို့ လိုအပ်ပါတယ်။

ဘရာဗိုရောက်လာခဲ့ပြီး တားစတီဂန်ကတော့ ဆက်နေဖို့ဆုံးဖြတ်ခဲ့တယ်”ဟု ဂွာဒီယိုလာက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly