သူရဘွဲ့ရထားတဲ့ သူတစ်ယောက်ပါ။ ဒီလိုအရေးကြီးတဲ့နေရာမှာ လူမျိုးရေးတွေ နိုင်ငံရေးတွေ အများကြီးပတ်သက်တဲ့နေရာမှာ သူလိုလူမျိုးကိုထားတာတော့ သင့်လျော်မယ်

သူရဘွဲ့ရထားတဲ့ သူတစ်ယောက်ပါ။ ဒီလိုအရေးကြီးတဲ့နေရာမှာ လူမျိုးရေးတွေ နိုင်ငံရေးတွေ အများကြီးပတ်သက်တဲ့နေရာမှာ သူလိုလူမျိုးကိုထားတာတော့ သင့်လျော်မယ်

ရန်ကုန်၊ အောက်တိုဘာ ၁၇ ။             ။ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မောင်တောဒေသရှိ နယ်ခြားစောင့် တပ်ဖွဲ့ ရဲမှူးချုပ် မောင်မောင်ခိုင်၏ နေရာတွင် ရဲမှူးချုပ် သူရစန်းလွင်ကို အစားထိုး ခန့်အပ်လိုက်ကြောင်း  ဒီနေ့ (အောက်တိုဘာ ၁၇ ရက်) တွင် မီဒီယာများနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရခိုင်အရေးကျွမ်းကျင်သူတွေနှင့် နိုင်ငံရေးသမားအချို့၏ အမြင်များကို စုစည်းမေးမြန်းထားခြင်း ဖြစ်သည်။

 ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီ ဥက္ကဌ )

အဲဒါ ကတော့ လိုတယ်ခင်ဗျ။ လိုတယ်ဆိုရင် တာဝန်ယူပေးရမှာပေါ့။ ဌာနချုပ်ကျသွားတယ်ဆိုတာလေ။ ဆင့်ကဲဖြစ် စဉ်လိုတယ်ဗျ။ ရဲမှူးချုပ် ဥပမာဆိုပါစို့ ဌာနချုပ်ကျသွားတယ်။ ဌာနချုပ် တာဝန်ယူတဲ့ ပုဂ္ဂိုလ်ဟာ တာဝန်ယူသွားရမှာပေါ့။ သူ့အထက်က ရှိတဲ့ ပုဂ္ဂိုလ်မှာလည်း တာဝန်ရှိတယ်။ လက်နက်ကိုင် အဖွဲ့အစည်းဆိုင်ရာ လုံခြုံရေးနဲ့ ပက်သက်တဲ့ သူတို့ အရေးယူမှုတွေနဲ့ ပက်သက်ပါတယ်။ ဒါ လုပ်သင့်တဲ့လုပ်ငန်းတစ်ခုလို့ပဲကျွန်တော်တို့က သုံးသပ်တယ်။ အဲဒါလေး တစ်ခု ကိုပြောင်းရုံနဲ့တော့မပြီးဘူး လုပ်ခြုံရေးဆိုင်ရာ ဆောင်ရွက်နေတဲ့ လုပ်ငန်းအားလုံးကို ပြန်လည်သုံးသပ်ဖို့လိုမယ် စနစ် အားလုံးကို ပြန်သုံးသပ်ဖို့လိုမယ်။

ဦးမောင်မောင်အုန်း (ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း)

နှစ်ပိုင်းရှိတာပေါ့ ။ တစ်ပိုင်းကလည်း အစိုးရဲ့ တာဝန်ဝတ်တရားအရဆိုလည်း ဒါတွေက ကိုယ်လက်ထက်မှာကိုယ် တာဝန်ရှိတဲ့အတွက် တခြားတစ်ခုခုဖြစ်ပြီးတော့မှ နောက်လူအစားထိုးတာလည်း ဖြစ်နိုင်သလို နောက်တစ်ခုကလည်း လက်နက်နဲ့ ကိစ္စလည်းဖြစ်တဲ့အတွက် အရင်ကထက်ပိုပြီးတော့ အရင်ကလည်း အရေးကြီးတယ်။ အခုကပိုပြီးတော့ အရေးကြီးသွားတာပေါ့နော်။ အဲ့တော့ အနာဂတ်ကိုပါမျှော်ကိုးပြီးတော့မှ ထားသင့်တဲ့သူကိုထားတယ်လို့ ဒီလိုတော့ သုံးသပ်ရပါတယ်။ ရဲမှူးချုပ် သူရစန်းလွင် ဆိုတာ သူရဘွဲ့ရထားတဲ့ သူတစ်ယောက်ပါ။ ဒီလိုအရေးကြီးတဲ့နေရာမှာ လူမျိုးရေးတွေ နိုင်ငံရေးတွေ အများကြီးပက်သက်တဲ့နေရာမှာ သူလိုလူမျိုးကိုထားတာတော့ သင့်လျော်မယ်လို့လည်း ကိုယ့်အနေနဲ့ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့လည်း သူ့ကိုရွေးချယ်တာဝန်ပေးတယ်လို့ ယုံကြည်ပါတယ်။

ဦးဇာဂနာ (ခ) မောင်သူရ

ရဲဌာနမှာပဲဖြစ်ဖြစ် တပ်မှာပဲဖြစ်ဖြစ် အဲဒီရာထူးအပြောင်းအလဲ လုပ်တာတို့ဘာတို့ကတော့ သိပ်ထူးဆန်းတဲ့ ကိစ္စမ ဟုတ်ဘူးလို့ထင်တာပဲ။ တစ်သက်လုံးမှာ ဒီလိုက ခဏခဏ တွေ့ခဲ့ဖူးတာပဲ။ ဒါကတော့ ကျွန်တော်တို့အရပ်ဘက် အစိုးရဌာနမဟုတ်ဘူး ဆိုရင်တော့တစ်မျိုးပေါ့ဗျာ။ အစိုးရဌာနထဲမှာတော့ ရဲဌာနတို့ တပ်တို့က သူ့တို့ဟာနဲ့ သူတို့ ခဏခဏ ရာထူး ဟိုလူကဒီပို့ ဟိုလူကဒီပို့ ဆိုတာတွေက ခဏခဏကြုံနေရတာ သိပ်တော့ ကျွန်တော်အနေနဲ့တော့ ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူးလို့ထင်ပါတယ်။  ဒါက မောင်တောမှာ မို့လို့ ရဲမှူးချုပ်ကို ဆိုတဲ့ အဓိပ္ပာယ်က မောင်တော ပြဿနာကြောင့် ရဲမှူးချုပ်ပြောင်းတယ်ဆိုတဲ့ ဟာမျိုး လူတွေကတော့ မြင်မှာပေါ့။ ကျွန်တော့်အနေနဲ့ကတော့ အဲ့လိုမမြင် ပါဘူး ဒါကတော့ သိပ်ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။ သူတို့ ပြောင်းနေကျပဲ သိပ်မထူးဆန်းဘူးဒီကိစ္စတွေက။

ကိုဂျင်မီ (၈၈) မျိုးဆက်ခေါင်းဆောင်တစ်ဦး

အဲ့တာကတော့ တာဝန်ပိုင်းနဲ့ဆိုင်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စတွေ မောင်တောမှာ ဖြစ်ပျက်သွားတဲ့ ကိစ္စတွေက ဒါ တဝန်ရှိတဲ့သူတစ်ယောက်ကိုပေါ့ သူတို့ ဘာပဲဖြစ်ဖြစ် လုံခြုံရေးအရ ပေါ့ဆမှုနဲ့ ဒါထုံးစံ အတိုင်းပဲပေါ့။ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူခွင့်ရှိတယ်လေ။ ဒီကိစ္စတွေက လုံခြုံရေးတာဝန်ရှိ တဲ့ သူက သူတာဝန်ယူရမှာပဲ အဲ့တာကြောင့် သူလဲလိုက်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ပိုကောင်းမွန်ရမှာပေါ့ ဘာလို့ လည်းဆိုတော့ သူရှေ့မှာဖြစ်သွားခဲ့ပြီးပြီလေ။ နောက်ထပ်မဖြစ်အောင်လည်း သူတာဝန်ယူဆောင်ရွက်ရမှာပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly