ဟုမ္မလင်း-မုံရွာ အမြန်ရေယာဉ်တိမ်းမှောက်မှု သေဆုံးအလောင်း ၁၉လောင်းသာ တွေ့ရှိသေး

ဟုမ္မလင်း-မုံရွာ အမြန်ရေယာဉ်တိမ်းမှောက်မှု သေဆုံးအလောင်း ၁၉လောင်းသာ တွေ့ရှိသေး

ရန်ကုန်၊ အောက်တိုဘာ ၁၇ ။                   ။ ဟုမ္မလင်းမှ မုံရွာသို့ မောင်းနှင်လာသည့် အောင်စိုးမိုးကျော် (၂)  အမြန်ရေယာဉ် တိမ်းမှောက်မှုတွင် လက်ရှိအချိန်ထိ သေဆုံးသူ အလောင်း ၁၉ လောင်း သာ ပြန်လည်တွေ့ ရှိသေးပြီး ပျောက်ဆုံးနေသူများအား ဆက်လက် ရှာဖွေနေဆဲဖြစ် ကြောင်း ကနီမြို့နယ် မဲဆန္ဒနယ်(၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

" ကလေး အလောင်းတစ်လောင်း အခုလေးတင် ထပ်တွေ့တယ်ဆို ကလေးလောင်း ၂ လောင်းတွေ့ထားတယ်။ မနက်က ထပ်တွေ့တဲ့ ၈ လောင်းထဲမှာ ယောင်္ကျားလေးအလောင်း တစ်လောင်း ပါတယ်။ ကျန်တာ မိန်းကလေး တွေ ချည်းပဲ ။ အကုန် အမျိုးသမီးတွေချည်းပဲ။ ၁၉ ယောက်လုံးထဲမှာ ယောင်္ကျားလေး တစ်ယောက်ပါတယ် " ဟု ဦးထွန်းထွန်းဝင်း ကပြောသည်။

အောင်စိုးမိုးကျော် (၂)  အမြန်ရေယာဉ် သည် ကနီမြို့နယ်၊ မိချောင်းတွင်း ကျေးရွာ အနီးတွင် အောက်တိုဘာ ၁၅ ရက်နေ့က တမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး ပျောက်ဆုံးဦးရေကို ၁၀၀ ကျော်ခန့် ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး မည်မျှပျောက်ဆုံးသည်ကို အတိအကျ မသိရသေးကြောင်း ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဖြစ်သူ ဦးရွှင်ဌေးက ဆိုသည်။

အေးငြိမ်းချမ်းသာအမြန်ရေယာဉ်အသင်းမှ အောင်စိုးမိုးကျော် (၂)  ရေယာဉ်မှောက်သည့်အချိန်တွင် ခရီးသည် ၃၀၀ ကျော်ခန့်ပါသည်ဟု ရေယာဉ်ပေါ်ပါရှိသူအချိ့က ပြောဆိုနေကြပြီး ၁၅၉ ယောက်ကို မိချောင်းတွင်းကျေးရွာ ဓမ္မာရုံနှင့် အထက်ကင်း ဘုန်းတော်ကြီးကျောင်း၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထား ကယ်ဆယ်ထားကြောင်း သိရသည်။

ရေယာဉ်မှောက်ရာတွင် ကယ်ဆယ် ရရှိထားသည့် ပြည်သူများကို အစိုးရမှ တစ်ဦးလျှင် နှစ်သောင်းနူန်း ထောက်ပံ့ထားပြီး အိမ်ပြန်ချင်ပါကလည်း ပြန်နိုင်ရန် ရှော်တယ်(ရေယာဉ်) ၃ စီး စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် ချင်းတွင်းမြစ်ရေ တက်လာခြင်းကြောင့် တိမ်းမှောက်ရေယာဉ်မား ဆယ်ယူရာတွင် အခက်အခဲရှိနေကြောင်း ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ ရေယာဉ်နောက်လိုက် ၄ ဦးကို ကင်းရဲစခန်းတွင် စစ်ဆေးမေးမြန်းနေပြီး ရေယာဉ်မောင်း (စလင်) ဖြစ်သူကို ယာဉ်မှောက်သည့် အချိန်တည်းက တွေ့ရှိခြင်း မရှိသေးကြောင်း ကင်းမြို့နယ် စခန်မှူး ဗိုလ်ကြီး မျိုးကျော်က မဇ္ဈိမသို့ ဖြေကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required